စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ် ရဲစခန်းကို ဒေသခံPDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ရာ စစ်သား သေဆုံးသူများပြားသဖြင့် လေကြောင်း စစ်ကူခေါ်ခဲ့ရကြောင်းသိရသည်။
မေလ ၂၂ရက်နေ့က စစ်ကိုင်းမြို့နယ်မြောက်ဘက်ရှိပဒူတိုက်နယ် ရဲစခန်းကို တိုက်နယ်စွန်PDF နှင့် ဒေသခံ ပကဖ၊တော်လှန်ရေးအင်အားစုများ စုပေါင်းကာ အင်အား ၁၀၀ဦးဝန်းကျင်ဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန် PDFတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တစ်ဦးကပြောသည်။
“ မနေ့က မနက် ၈နာရီမှာ တိုက်နယ်စွန် PDF အဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေနယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ပြီး ပဒူ ရဲစခန်းပေါက်နားကို ကပ်နိုင်တယ်။မနက် ၉နာရီခွဲမှ စခန်းကို ဝင်စီးတာပေါ့။လေကြောင်း စစ်ကူတွေက ၁၂နာရီလောက်မှာရောက်တယ်။အဲ့မှာ Mi 35နဲ့ Mi 17တွေလာလို့ တပ်ခေါက်ပြန်ခဲ့ရတယ်” ဟု ၎င်းကပြောသည်။
လေကြောင်းပစ်ကူများ ရောက်ရှိလာသဖြင့် ရဲစခန်းကို မသိမ်းနိုင်ဘဲ အချုပ်ဆောင်တစ်ဆောင်အား မီးရှို့ဖျက်ဆီးကာ တပ်ဆုတ်ခဲ့ရကြောင်းသိရသည်။
“ မနေ့က မွန်းလွဲ ၁၂နာရီလောက်မှာ ပုဇင်းနဲ့ ပထမတကြိမ် လေးခါ ပစ်ခတ်တယ်။ဒုတိယတကြိမ်လာတဲ့အချိန်မှာ သုံးခါထပ်ပစ်တယ်။စစ်ခွေးဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာမို့ ကျမတို့ တိုက်နယ်စွန် PDF အဖွဲ့က ပြန်လည်တပ်ခေါက်လာတာပါ။သူတို့ဘက်က ၁၀ဦးထက်မနည်းသေတာတော့သေချာတယ်။ ဘယ်နှစ်ဦးလဲဆိုတာတော့ သေချာအတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းကပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာလုံးကျွတ်စစ်ဘေးရှောင်နေရသည့် ပဒူကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။