ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ရေဖြန့်ဖြူးသည့် စနစ်များ ပျက်စီးခဲ့ရကာ သန့်ရှင်းသော သောက်သုံးရေ ရရှိမှုသည့် အကန့်အသတ်နှင့် ရှိနေကြောင်း သိရသည်။
ထို့ကြောင့် သန့်ရှင်းသော သောက်သုံးရေရရှိမှုသည် အကန့်အသတ်နှင့်ဖြစ်သည့်အတွက် ရေမှတစ်ဆင့်ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများ ပြည်သူများတွင် ဖြစ်လာနိုင်ခြေရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက မေလ ၂၁ ရက်နေ့က သတိပေးလိုက်သည်။
“သောက်သုံးရေလိုအပ်ချက်ရှိနေတာဖြစ်တဲ့အတွက် ကျန်းမာရေးကတော့ ဆိုးလာမှာ အမှန်ပဲ။ မုန်တိုင်းတိုက်တဲ့နေ့ကလည်း တနေ့လုံး လေရော မိုးပါ ချထားတာဆိုတော့ လူတွေ တော်တော်များများကို အအေးပတ်ပြီး နေမကောင်းဖြစ်ကြတယ်။ အသက်ကြီးပိုင်းတွေဆို မုန်တိုင်းနောက်ဆက်တွဲအနေနဲ့ အအေးပတ်ပြီးမှ ဆုံးကြတာတွေ ရှိခဲ့တယ်။ အဲ့ဒါကြောင့်မုန်တိုင်း နောက်ဆက်တွဲဖြစ်တဲ့ ရေမကောင်းတာတွေကြောင့် ဝမ်းရောဂါပါ ဖြစ်လာမှာကို စိုးရိမ်တယ်”ဟု ရခိုင်ပြည်နယ်အတွင်း ပရဟိတလုပ်ဆောင်ပေးနေသော စာရေးဆရာ ဝေဟင်အောင်မှ MPA သို့ ပြောသည်။
လက်ရှိချိန်တွင် သောက်သုံးရေရန်အတွက် ကျေးရွာများရှိကန်ရေကိုသာ အားထားနေရကြောင်း ဒေသခံများထံမှ သိရသည်။
“သောက်ရေအခြေအနေကတော့ ကန်တွေမှာ နည်းနည်းရှိနေသေးတယ်။ အဲ့ဒါကို အားထားသုံးတယ်။ ကန်ရေက တစ်လလောက်တော့ သုံးလို့ရမယ်ထင်တယ်။ အခုက ကယ်ဆယ်ရေးတွေကလည်း ရေတွေလာလှူပေးတာတော့ရှိတယ်”ဟု စစ်တွေမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၅.၄ သန်းသည် မုန်တိုင်းဒဏ်အား ဆိုးဆိုးရွားရွားခံခဲ့ရကာ ထိုထဲမှ ၃.၂ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား အရေးတကြီးလိုအပ်နေကြောင်းလည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) မှ ပြီးခဲ့သည့် မေ ၁၆ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ရွာက ရေကန်ကတော့ ဆားငံရည်မဝင်ပါဘူး။ အဲ့ဒီ ကန်ရေကိုပဲ သောက်တယ်။ ကြိုချက်ပြီးတော့တော့ မသောက်ဘူး။ ဒီတိုင်းပဲ သောက်ကြတယ်။ ဗိုက်မကောင်းတွေ ဘာတွေလည်း အခုထိတော့ ဖြစ်တာ မတွေ့ရသေးဘူး။ ရေကတော့ လာလှူတဲ့သူတွေဆီကနေလည်း ရတယ်။ ကိုယ့်ဘာသာဝယ်လို့လည်း ရတယ်။ ဒါပေမယ့် မုန်တိုင်းတိုက်ပြီးတော့ ရေသန့်တွေက ဈေးတွေ တက်ကုန်တယ်။ အရင်က တစ်လီတာကိုမှ ၅၀၀ ပဲ ရှိတယ်။ အခုကတော့ ထောင်ဂဏန်းထိ ပေးဝယ်ရတယ်”ဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ရေရှားပါးသည့် ဘေးနှင့် ကြုံတွေ့နေရပြီး မုန်တိုင်းသင့်ပြည်သူများအနေဖြင့် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်များအပြင် ပြန်လည်ထူထောင်နိုင်ရေးအတွက် အကူအညီများ လိုအပ်နေသည်။
အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာမှကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများမှလည်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန်အတွက် စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။