စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီဘက်မှ တပ်သား၊ ရဲနှင့် ပျူစောထီးများ၊ စစ်ကောင်စီလက်အောက်ခံ SNA (Shan Ni Army) တပ်ဖွဲ့ဝင်များ CDM ပြုလုပ်လိုပါက ရာထူးအလိုက်၊ လက်နက်အမျိုးအစားအလိုက် ဆုငွေချီးမြှင့်မည့်အပြင် CDM ပြုလုပ်ရန် ကူညီသူများအားလည်း ဆုငွေချီးမြှင့်မည်ဟု Bamauk Revolution (BR) က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
“မြေပြင်က တာဝန်ရှိတဲ့ သူတွေ၊ ပြည်သူ့အုပ်ချုပ်ရေးကလည်းအဖွဲ့တစ်ဖွဲ့အနေနဲ့ ပါမယ်။ကသာခရိုင်တပ်ရင်း ၄ ပါမယ်။ အဖွဲ့စုံပါခင်ဗျ။ အနီးကပ်ရှိတဲ့ team တွေကနေတဆင့် ပေးပို့လာတာခင်ဗျ။ အထက်ကဒီလိုအစီအစဥ်ရှိတယ်ဆိုတာကိုပေါ့ခင်ဗျ။ တခြားကူညီတဲ့ အဖွဲ့အစည်း ရှိ မရှိ ဆိုတာကိုတော့ ကျနော်တို့ဘက်က သေချာမသိသေးပါဘူး”ဟု BR Team က MPA သို့ ပြောသည်။
စစ်ကောင်စီတပ်သားများ၊ အချို့ပျူစောထီးဖြစ်နေသူများနှင့် SNA များသည် ၎င်းတို့ဆန္ဒမပါဘဲ စစ်ကောင်စီ၏ အတင်းအဓမ္မခိုင်းစေမှုကြောင့် ပြုလုပ်နေရခြင်းဖြစ်သည့်အတွက် ၎င်းတို့အား ကြိုဆိုသည့်အနေဖြင့် ယခုလို သတင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“တချို့တွေကျ ပေါ်တာဆွဲခံရပြီး ပါသွားတာမျိုး ရှိတယ်ဗျ။ ဥပမာ SNA ဆို တစ်ရွာဘယ်နှစ်ယောက်ဆိုပြီး တောင်းတာမျိုး ရှိတယ်ဗျ။ အဲ့ဒီသတင်းကို သေချာလိုက်ဖို့က အခုတိုက်ပွဲတွေနဲ့မို့ မလွယ်ဘူးဖြစ်နေတာဗျ။ မြေပြင်ကတော့ အဲ့ဒါတွေ သိပြီးသားပါ။ အဲ့ဒါကြောင့် အတင်းအဓမ္မသွတ်သွင်းခံရတဲ့ သူတွေအတွက်လည်း ရည်ရွယ်တာ ပါပါတယ်ဗျ”ဟု BR Team က ဆက်ပြောသည်။
SNA သည် ဒေသခံများအား ၎င်းတို့အဖွဲ့ထံ မဝင်မနေရခေါ်ထားကာ ဟုမ္မလင်းနှင့် ဆယ်ဇင်းဘက်တို့တွင် စစ်ကောင်စီနှင့်တွဲ၍ တိုက်ပွဲများဝင်တိုက်နေသည်ဟု ဆိုပြီး ယင်းနှင့် ပတ်သက်၍ SNA ဘက်က စစ်ကောင်စီလက်အောက်ခံ မဟုတ်ကြောင်း ငြင်းဆန်ထားသည်ဟု စုံစမ်းသိရှိရသည်။
“SNA ကတော့ ငြင်းနေတာပဲဗျ။ ဒါပေမဲ့ စစ်ကောင်စီနဲ့တွဲပြီး တိုက်နေတဲ့ သတင်းတွေက ရနေတာပဲ”ဟု BR Team က ပြောသည်။
CDM ဝင်ရောက်လာသူများနှင့် မိသားစုများအား အသက်အန္တရာယ်အတွက် အပြည့်အဝအာမခံ၍ ပြည်တွင်းလွတ်မြောက်နယ်မြေများတွင် နေထိုင်လိုပါက စားဝတ်နေရေးကူညီထောက်ပံ့ပေးမည့်အပြင် လွတ်လပ်သောနိုင်ငံရပ်ခြားသို့ ခိုလှုံလိုပါကလည်း အစအဆုံးကူညီသွားမည်ဟု Bamauk Revolution Page က ထုတ်ပြန်ထားသည်။
ရာထူးအဆင့်အလိုက်၊ လက်နက်အမျိုးအစားအလိုက် ဆုကြေးငွေများကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
တပ်သားမှ တပ်ကြပ်အထိ ၅သိန်း၊ တပ်ကြပ်ကြီးမှ ဒုဗိုလ် သိန်း ၃၀၊ ဗိုလ်မှ ဗိုလ်ကြီးအထိ သိန်း ၅၀၊ ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူး သိန်း ၁၀၀၊ ဗျူဟာာမှူး သိန်း ၁၅၀၊ တပ်မမှူး သိန်း ၂၀၀။ MA.1 (ကျပ်သိန်း ၁၀၀)၊ MA.2
(ကျပ်သိန်း ၁၅၀)၊ MA.3 (ကျပ်သိန်း ၁၂၀)၊ MA.4
(ကျပ်သိန်း ၁၅၀)၊ MA.5 (ကျပ်သိန်း ၇၀)၊ G3
(ကျပ်သိန်း ၁၀၀)၊ G4 (ကျပ်သိန်း ၁၅၀)၊ UZI (ကျပ်သိန်း ၈၀)၊ MA7
(ကျပ်သိန်း ၁၈၀)၊ RPG (ကျပ်သိန်း ၂၀၀)၊ sniper
(ကျပ်သိန်း ၃၀၀)၊ 81mm (ကျပ်သိန်း ၃၀၀)၊ 84mm
(ကျပ်သိန်း ၄၀၀)၊ 120mm (ကျပ်သိန်း ၁၀၀၀)၊ 60mm ကျည် ၁ လုံး ၃ သိန်း၊ 81 mm ကျည် ၁ လုံး ၅သိန်း၊ 84mm ကျည်တစ်လုံး ၅ သိန်း၊ RPG ကျည်တစ်လုံး ၇ သိန်း၊ စက်လက် (ကျပ်သိန်း ၂၀၀)၊ 120 ကျည်တစ်လုံး ကျပ်သိန်း ၂၀ နှင့် အခြားသော စစ်သုံးလက်နက်၊ ပစ္စည်း၊ ကျည်ဆန် များကိုလည်း အရေအတွက်၊ တန်ဖိုးများအလိုက် ဂုဏ်ပြုချီးမြှင့်သွားပါမည်ဟု အသိပေးထားသည်။