ရခိုင်ပြည်နယ် ရသေ့တောင်မြို့ စစ်မှုထမ်းဟောင်း စစ်ဘေးရှောင်စခန်းမှ အသက် (၁၁) နှစ်အရွယ် ကလေးငယ် (ကျား) တစ်ဦး၏ ရေနစ်သေဆုံးလျက်ရှိသည့် အလောင်းကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့အဝင်လမ်းမကြီးဘေး ရေမြောင်းထဲတွင် တွေ့ရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ရသေ့တောင်မြို့မှ လူမှုရေးလုပ်နေသူ ကိုကျော်မင်းခိုင်က “စိတ်မကောင်းစရာပါ။ မိဘတွေက လေမုန်တိုင်းနဲ့ အိမ်ပြိုသွားတာ။ နေစရာမရှိတော့ ပြန်ပြုပြင်နေကြရတာပါ။ မနေ့က ကလေး ပျောက်နေတာတော့နေ့လယ်သုံးနာရီလောက်ကတည်းကပါ။ လိုက်ကြည့်နေဖို့ မရကြရှာဘူး။ ကလေးကို သူငယ်ချင်းတွေနဲ့အဲဒီမြောင်းမှာ ရေကူးနေတာတွေ့ခဲ့တဲ့ လူတွေရှိပါတယ်။ညအိမ်ပြန်မရောက်လို့ လိုက်ရှာကြပါတယ်။ ဒီမနက်အလောင်းရတာပါ”ဟု ပြောသည်။
အဆိုပါ မြို့အဝင်လမ်းမကြီးဘေးရှိ ရေမြောင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကမုန်တိုင်းပြီးနောက် ဆားငံရေများဝင်ရောက်ကာ ရေပြည့်နေခဲ့သည့်အတွက် ကလေးငယ်များ
ရေဆင်းကူးကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကလေးငယ်၏အလောင်းကို ရသေ့တောင်ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ မေလ ၂၂ ရက်နေ့ကလည်း စစ်တွေမြို့ရှိမင်းဒရားချိတ်ရပ်ကွက်မှ ၁၀ နှစ်ဝန်းကျင် ကလေးငယ်(မ) တစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်။ ရခိုင်တွင်နှစ်ရက်အတွင်း ကလေးငယ်နှစ်ဦးသေဆုံးခဲ့သည်။