ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ်အတွင်း ရေခပ်ဆင်းလာသောစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း Bago Region PDF ကထုတ်ပြန်သည်။
မေလ ၁၅ရက်နေ့၊ ညနေ ၄ နာရီခန့်က ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာဘုန်းကြီးကျောင်းနှင့်တာဝါတိုင်အခြေစိုက်စခန်းမှ စစ်သား၅ဦး ရေခပ်ဆင်းလာစဉ် သိမ်ကုန်းရွာတမံအနီးတွင် PDFတပ်ဖွဲ့ဝင်များက ပဒေသာမိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” အရပ်ဝတ်တွေနဲ့ ရေခပ်ဆင်းလာတာကို ကျနော်တို့က ကြိုတင်ထောင်ထားတဲ့မိုင်းကို အဝေးထိန်းနဲ့ဆွဲတာ။မိုင်းသံကြားပြီး လက်နက်ကြီးတွေနဲ့ပစ်တာ” ဟု ပေါင်းတည်PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီအထိုင်စခန်းများမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ထိခိုက်သေဆုံးသူများအား ၎င်းတို့ အထိုင်စခန်းသို့သယ်ဆောင်သွားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း၃၆၀၁၊တပ်ခွဲ-၂(ပေါင်းတည်PDF) နှင့် တပ်ရင်း ၃၆၀၂တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၃ ရက်နေ့ကလည်း ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်သားများကို ဘန်းဘွေးကန်ရွာနှင့်တလားဂူရွာကြားတွင် ပြည်ခရိုင်၃၆၀၁တပ်ရင်းနှင့်၃၆၀၂တပ်ရင်းတို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သေးသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။