မြိတ်ခရိုင်၊ ပုလောမြို့နယ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ပုလောမြို့နယ်ရှိ နယ်မြေအများစုကို စိုးမိုးမှုရရှိကာ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း၏ တာဝန်ရှိသူထံမှ သိရသည်။
လက်ရှိအချိန်၌ စစ်ကောင်စီအနေဖြင့် ပုလော၊ ပလနှင့် ပလောက် စသည့် မြို့ပေါ် ၃ နေရာတွင်သာ ကျန်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များအနေဖြင့် ပုလောမြို့နယ်အတွင်း နယ်မြေစိုးမိုးမှု အသာစီးရရှိထားသောကြောင့် အချိန်မရွေး စစ်ရေးအရ တိုက်ပွဲဖော်ဆောင်ရန်အတွက် အဆင်သင့်ရှိနေကြောင်း သိရှိရသည်။
“ တိုက်ပွဲဖော်ဆောင်ရန်အတွက် လိုအပ်လျက်ရှိသော လက်နက်၊ ခဲယမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းမဟာမိတ်များမှ တပ်ဆင်ပေးနေသလို ရဲဘော်များကိုယ်တိုင် အိမ်၊ ခြံ၊ မြေများကို ရောင်းကာ ဝယ်ယူထားသည့် လက်နက်များလည်းရှိပြီး ပြည်သူလူထုများမှလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို အစဥ်မပြတ်လှူဒါန်းနေပါတယ်” ဟု မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များမှ ထားဝယ်-မြိတ် မိန်းလမ်းမကြီး၏ အရှေ့ဘက်ခြမ်းကို အဓိကထိန်းချုပ်ထားနိုင်ကာ လက်ရှိအချိန်တွင်လည်း ပင်လယ်ရွာများဘက်ကို တပ်ဖြန့်ကျက်ထားကြောင်း သိရသည်။
မြိတ်ခရိုင် တပ်ရင်း ၁ ၏ ပြန်ကြားရေးတာဝန်ခံ၊ ဆရာစံက ” လက်ရှိအချိန်မှာ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဘက်တိုက်ပွဲအခြေအနေငြိမ်သက်နေပေမယ့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြင်ဆင်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး ၃ မိုင်လောက်အထိ ပစ်ခတ်နိုင်သော လက်နက်များကို ပြင်ဆင်ထားတာကြောင့် မကြာခင်တွင်လည်း ပိုမိုကြီးမားသည့် တိုက်ပွဲတွေဖြစ်လာနိုင်တယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများမှ ပုလောမြို့နယ်အတွင်းရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ ဒေသများဖြစ်သော တိုကျေးရွာ၊ မြဒေါင်ကျေးရွာ၊ ထမင်းမစားကျေးရွာ၊ ကဒဲကျေးရွာ၊ ကဗျာကျေးရွာ၊ မင်းထိန်ကျေးရွာနှင့် ပဝတ်ဖျားကျေးရွာသို့ စစ်ကြောင်းများထိုးခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ နှင့် ပူးပေါင်းမဟာမိတ်များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့သော ၃ လတာကာလအတွင်း အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၆၀ ဦးထက်မနည်း သေဆုံးကာ ၅၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ထိတွေ့တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းမဟာမိတ်များမှ ရဲဘော် ၅ ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ ဦးထက်မနည်း မစိုးရိမ်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံနေအိမ် ၁၉၅ လုံးခန့်၊ မော်တော်ယာဥ် ၂ စီး၊ ဆိုင်ကယ် ၅ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ဦးရေ ၈၀၀ နီးပါးခန့် စစ်ဘေးရှောင်နေရကြောင်းလည်း စုံစမ်းသိရှိရသည်။