ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်အတွင်းရှိ သံတောင် (၁၃ မိုင်) မြို့ ၊ ဆေးရုံလမ်းခွတွင် ယနေ့ နံနက် (၈) နာရီခွဲဝန်းကျင်က ကင်းစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စနိုက်ဘာဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့သည့် လမ်းသွားလမ်းလာ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။
“ ဒီမနက် ၈ ခွဲလောက် ဖြစ်မယ်ထင်တယ်။ တောင်ငူကို အသိတစ်ယောက်က လိုက်ပို့ခိုင်းလို့ အစောကြီးဆင်းသွားပြီးတော့ ပြန်တက်လာတာပေါ့နော့။ ဒီ ၁၃ မိုင် ဆေးရုံလမ်းခွနားရောက်တော့ သူတို့ကင်းစောင့်နေတာ လှမ်းတွေ့ရတယ်။ အဲ့ဒါနဲ့ ဆက်မောင်းလာတော့ သူတို့နားရောက်ခါနီးမှာပဲ အသံ ၂ ချက် ကျွန်တော်ကြားလိုက်တယ်။ ပြီးတော့ အရှေ့မှာ သူတို့ ၂ ယောက် လဲကျသွားတယ်။ ခေါင်းကိုထိတာထင်တယ်”ဟု ကိုယ်တွေ့ကြုံတွေ့ခဲ့သူက ပြောပြသည်။
စစ်ကောင်စီဘက်မှ ၂ ဦး အပစ်ခံရပြီးနောက် ကျန်တပ်ဖွဲ့ဝင်များလည်း နီးစပ်ရာ မြောင်းအတွင်း ခုန်ဆင်းပြီး လဲကျသွားသည့် အဖွဲ့ဝင် ၂ ဦးကိုပါ မြောင်းအတွင်းသို့ ဆွဲချကာ သေနတ်များဖြင့် ပြန်လည် ပစ်ဖောက်ခဲ့ကြသည်ဟု ဆိုသည်။
“ကြောက်ကြောက်နဲ့ အမြန်မောင်းလိုက်တာ ဘယ်လို ဆက်ဖြစ်လည်းတော့ မသိဘူး။ ပစ်တဲ့ဘက်ကတော့ သေနတ်သံမကြားရတော့ဘူး။ အဲ့ဒီ၂ ချက်ပဲ။ အရှေ့မှာ သူတို့ (စကစ) တွေရဲ့ လူတစ်စုထပ်တွေ့တယ်။ ဘာမှတော့ မလုပ်ဘူး။ ဆိုက်ကယ်တားတယ်။ ဖုန်းစစ်တာလောက်ပဲ လုပ်တယ်။ တခြားတော့ ဘာမှမလုပ်ဘူး။ ကြည့်ရတာ သူတို့က တစ်စုတစ်စု ခွဲပြီးတော့ ကင်းစောင့်တာ ထင်တယ်” ဟု အဆိုပါ ကိုယ်တွေ့ကြုံခဲ့သူက ဆက်လက်ရှင်းပြသည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကို MPA အနေဖြင့် အတည်မပြုနိုင်သေးပေ။
သံတောင် ၁၃ မိုင်မြို့သည် ယခင်ကလည်း ထိုသို့ ပစ်ခတ်ခံရသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သောလတွင်လည်း ဒေသခံများ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။
လက်ရှိအချိန်အထိပင် နေရပ်သို့ ဒေသခံများအနေဖြင့် တချို့တဝက်သာ ပြန်လာနိုင်ကြသေးပြီး အချို့က ပြန်မလာရဲကြသေးဘဲ ရှိနေသေးသည်ဟု စုံစမ်းသိရှိရသည်။