ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ တရုတ်များ မဲဆောက်ဘက်သို့ အုပ်စုလိုက် ဝင်ရောက်လာကြောင်း မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင်မဲဆောက်မြို့ မြန်မာထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။
ဧပြီလ ၇ ရက်၊ ညနေ ၄ နာရီခန့် က ရွှေကုက္ကိုလ်မြို့သစ်ရှိ တရုတ်လူမျိုး ၄၀ ခန့်သည် မြန်မာ-ထိုင်းနယ်စပ်တာခ်ရိုင် မဲဆောက်မြို့ မြန်မာထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁) ရှိ မြန်မာ လ.ဝ.ကရုံးရှိ တာဝန်ရှိသူများနှင့် သီးသန့်စကားပြောနေကာ မဲဆောက်မြို့အတွင်း ဝင်ရောက်ရန်လုပ်ဆောင်နေကြောင်း မြန်မာထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁) သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။
“ ဂိတ်မှာ တရုတ်တွေ တော်တော်များတယ်။ လဝကက ကောင်တွေနဲ့ ညှိပြီး စကားပြောနေတာတွေ့တယ်။ မြန်မာစကားတော့ မပြောတတ်ဘူး။ ကရင်လူမျိုးနှစ်ယောက်က လ.ဝ.ကကို ဘာသာပြန်ပေးနေတာတွေ့တယ်” ဟု ၎င်းက ပြောသည်။
ဧပြီလ ၇ ရက်နေ့၊ ညနေ ၆ နာရီခန့်က မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ်မှ ရွှေ့ပြောင်းလာသည့် တရုတ်လူမျိုး ၄၀ ဦးသည် မဲဆောက်မြို့၊ နောင်ဘွားရပ်ကွက်ရှိ ဟိုတယ်ကြီးတစ်ခုသို့ အန်စာတုံးကား နှစ်စီးဖြင့် လာရောက်ကာ အခန်းငှားယူမှုများရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ နောင်ဘွားက ဟိုတယ်တစ်ခုကို အန်စာတုံးကား ၃ စီးနဲ့ တရုတ်တွေ ၄၀ လောက်ရှိတယ် ရောက်လာတယ်။ လက်ဆွဲအိတ်တွေနဲ့ တချို့က အခန်းမရလို့ သူတို့ကို လာခေါ်မယ့်ကားစောင့်ပြီး တခြားဘက်သွားဖို့ ပြင်ဆင်နေတာရှိတယ်။ သူတို့တရုတ်လိုပြောနေတာ နားထောင်ကြည့်သလောက်က လာမယ့်သူတွေမရောက်သေးလို့ စောင့်ရတာကြာလိုက်တာလို့ ပြောနေကြတာတွေ့တယ်။ လာတာတော့ ပက်စ်ပို့နဲ့ပဲ ယာယီဖြတ်သန်းခွင့်နဲ့တော့ မဟုတ်ဘူး” ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် မဲဆောက်မြို့၊ နောင်ဘွားရပ်ကွက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် တရုတ်လူမျိုးများရှိနေပြီး အခန်းမရရှိသူများက အထုပ်အပိုးများပြင်ကာ လာရောက်ခေါ်ဆောင်မည့် ကားအားစောင့်နေကြကြောင်း ဧပြီလ ၇ ရက်နေ့၊ ထိုင်းစံတော်ချိန် ၉ နာရီတိတိတွင် ပေးပို့သည့် MPA ၏ မြေပြင်သတင်းထောက်က ပြောသည်။