တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က လမ်းမှာတွေ့သည့် ပြည်သူနှစ်ဦးအား အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၅ရက်နေ့၊ နေ့လည်ပိုင်းက နန်းအိမ်တောင် ကျေးရွာအတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့သည့် ဆိုင်ကယ်မောင်းနှင်နေသူ အမျိုးသားတစ်ဦးအား တစ်စုံတစ်ရာမေးမြန်းခြင်းမပြုဘဲ ပစ်သတ်ခဲ့ပြီး ရွာအတွင်းရှိ အမျိုးသားတစ်ဦးကိုလည်း ထပ်မံပစ်သတ်ခဲ့ကြောင်း နတ်အိမ်တောင်ကျေးရွာသူတစ်ဦး ကပြောသည်။
“ ၂၅ရက်နေ့က တွေ့တာနဲ့ သတ်ပစ်တာ။ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေ ပါလာတယ်။ ပျူစောထီးတွေက PDF မဟုတ်မှန်းသိတာတောင် ဘာမှမပြောဘဲ ပစ်သတ်လိုက်တာ။ ညီမတို့လည်း အခုထိပြေးနေရတုန်း” ဟု ၎င်းကပြောသည်။
မတ်လ ၂၄ရက်နေ့မှစတင်ကာ ပုလောမြို့နယ်ရှိ ပုလောကုန်းရွာ၊နတ်အိမ်တောင်ရွာနှင့် ဝက်သိုးရွာသို့ စစ်ကောင်စီတပ်က အင်အား တစ်ရာကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ပြီး ပုလောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
“ မတ်လ ၂၄ရက်နေ့က စဖြစ်တာ။တိုက်ပွဲက နှစ်ရက်ဆက်တိုက်ကြာတယ်။မတ်လ ၂၆ရက်နေ့မနက်ပိုင်းမှ ပြီးတယ်။မနေ့က နန်းတောင်ရွာ ဘက်ကို စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ထုပြီး သေနတ်တွေရမ်းပစ်တာမျိုးရှိတယ်။ ထိခိုက်ဒဏ်ရာရသူတော့မရှိပါဘူး” ဟု ၎င်းကပြောသည်။
ပုလောကုန်းတိုက်ပွဲတွင် စစ်သား နှစ်ဦးသေဆုံးကာ ပြည်သူ့စစ်တစ်ဦးနှင့် စစ်သားတစ်ဦးဒဏ်ရာရရှိပြီး ပုလောပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း MPAက စုံစမ်းသိရသည်။
စစ်သားများသေဆုံးထိခိုက်မှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။