မကွေးတိုင်း၊ပခုက္ကူမြို့တွင် ဆိုင်ကယ်တစ်စီးနှစ်ယောက်စီးလာသည့် လူငယ်နှစ်ဦးကို စစ်တပ်က သေနတ်နှင့်ပစ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့စက်မှုဇုန်နှင့် မြို့သစ်ကြားရှိ ကာနီပယ် KTV အနီးတွင် ဆိုင်ကယ်တစ်စီးနှစ်ယောက်စီးလာသူအမျိုးသားနှစ်ဦးကို စစ်သား၊ရဲနှင့် ပျူစောထီးတို့က ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။
“ PDF သတင်းရလို့ကြိုစောင့်နေတာပြောတယ်၊အဲ့အချိန်လူငယ်နှစ်ယောက်စီးလာတော့ပစ်ကြတာ၊ ၁၂ချက်လောက်ထိသွားတယ်၊ညနေသုံးနာရီလောက်ထိအလောင်းလာမကောက်ဘူး” ဟု မျက်မြင်ဒေသခံတစ်ဦးကဆိုသည်။
ပစ်ခတ်ခံရသူအမျိုးသားတစ်ဦးမှာ စစ်တပ်အသိုင်းအဝိုင်းကဟု သတင်းထွက်ပေါ်နေသော်လည်း စစ်တပ်ဘက်က သတင်းဖုံးထားသောကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အမျိုးသားနှစ်ဦး၏အလောင်းကို ပခုက္ကူမြို့ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး သတင်းမပြန့်အောင် မိသားစုကိုလည်းဖိအားပေးထားကြောင်းသိရသည်။
“ အဲလိုပစ်သတ်ခံရတာ သုံးခါလောက်ဖြစ်ဖူးတယ်၊ သူတို့သတ်မှတ်ထားတဲ့အချိန်မတိုင်ခင်စီးလို့ လိုက်ပစ်တာ၊ ဖမ်းခံရသူတွေလည်းရှိတယ်” လို့ ပခုက္ကူမြို့ခံတစ်ဦးကဆိုသည်။
ပခုက္ကူမြို့မှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်၌ ရှိနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ရဲမေတို့ ဆိုင်ကယ်ဖြင့် ရောက်လာကာ ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီးနောက်ပိုင်း စစ်တပ်ကပခုက္ကူမြို့တွင်း ဆ်ိုင်ကယ်တစ်စီးနှစ်ယောက်မစီးရအမိန့်နှင့် မနက်၆နာရီမှ ညနေ ၈နာရီအထိသာဆိုင်ကယ်စီးရန် ထုတ်ပြန်ခဲ့သည်။