ရန်ကုန်မြို့၊ဒဂုံ(အရှေ့)၊ စက်မှုဇုန်ရှိ ထုံဟုန်သတ္ထုအရည်ကြိုစက်ရုံပေါက်ကွဲခဲ့ပြီး လုပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၉ နာရီခန့်က ဒဂုံ(အရှေ့)၊ ၁၁၁ ရပ်ကွက်၊ ဒဂုံ(အရှေ့)စက်မှုဇုံ၊ ဖန်ချက်ဝန်ဦးညွန့်လမ်းရှိ ထုံဟုတ်သတ္ထုအရည်ကြိုစက်ရုံတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
” သံထည်တွေကို Press တုံးလုပ်ပြီးအရည်ကြိုလို့ရအောင် ဖိတဲ့အချိန်မှာ ဂက်စ်ဘူးပါသွားတာ၊ အဲ့မှာပေါက်ကွဲပြီး သေသွားကြတာ” ဟု လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းပေါက်ကွဲမှုဖြစ်စဥ်ကြောင့် တစ်ဦးမှာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီးနောက်တစ်ဦးမှာ ဆေးရုံတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးခဲ့သူများမှာ ကိုသက်မျိုး(၃၃နှစ်)နှင့် ကိုအောင်ကျော်သူ(၄၅နှစ်)တို့ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ရန်ကုန်၊ သင်္ကန်းကျွန်း စံပြဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
သေဆုံးသူတို့၏ ကျန်ရစ်သူမိသားစုဝင်များထံသို့ ကုမ္ပဏီဘက်က ထိုက်တန်သည့်နစ်နာကြေးရရှိအောင် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း MPA ကစုံစမ်းသိရသည်။