ရန်ကုန်တိုင်း၌ အင်တာနက်လိုင်းနှင့် ဝိုင်ဖိုင်လိုင်းများ ယခုရက်ပိုင်းအတွင်းအလွန်နှေးကွေးနေကြောင်း စုံစမ်းသိရသည်။
အင်တာနက် Data များသာမက Wifi လိုင်းများပါ ယခုရက်ပိုင်း အတွင်းလိုင်းကျဆင်းနေကြောင်း အသုံးပြုသူများက ပြောသည်။
” ၃ ရက်နေ့ညပိုင်းကစပြီးလိုင်းတွေတအားကျတာအခုထိပဲ၊ ဒါနဲ့ Wifi ကုမ္ပဏီကိုလှမ်းမေးတော့သူတို့စစ်ဆေးပေးမယ်တဲ့၊ စစ်ဆေးတော့ စက်က အနီပေါ်နေတယ်ဆိုပြီး ကုမ္ပဏီဘက်က ကျွန်တော့်ကိုပြောတော့ ကျွန်တော်တို့စက်မှာတော့ အနီမပေါ်ဘူး၊ အစိမ်းပဲပေါ်တယ်၊ ဒါပေမဲ့လိုင်းတအားကျတယ်” ဟုကျောက်တံတားမြို့နယ်၌နေထိုင်သူ တစ်ဦးက MPA သို့ပြောသည်။
လိုင်းကျအောင်နှင့်လိုင်းနှေးကွေးအောင် ကုမ္ပဏီအနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း ဆက်သွယ်ရေးကုမ္ပဏီက ပြန်လည်ပြောဆိုခဲ့သည်။
” ဒီရက်ပိုင်းအလာဆုံး Complain က လိုင်းတွေကျနေတယ်ဆိုတာပဲ၊ ကုမ္ပဏီကလည်းလိုင်းတွေမဖြတ်ထားဘူး၊ အခုကျွန်တော်တို့ကြားသိရသလောက်ကတော့ အဲဒါ ကုမ္ပဏီတိုင်းမှာဖြစ်နေတာလို့ကြားတယ်ဗျ၊ အင်တာနက်ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်တယ်ဆိုတာလည်း မကြားပါဘူးခင်ဗျ” ဟု ဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မိုဘိုင်းဒေတာခစျေးနှုန်းများကြီးမြင့်လာကာ Wifi တပ်ဆင်ခစျေးနှုန်းများမှာလည်းမြင့်တက်လာခဲ့သည်။
စျေးကွက်တွင် Data 400 mb ကို ၇၉၉ကျပ် နှင့် 1 Gb လျှင် ၁၄၀၀ ကျော်ကျသင့်နေကြောင်းသိရသည်။
Wifi တပ်ဆင်ရာတွင် အိမ်သုံးနှင့်လုပ်ငန်းသုံးဟု ခွဲခြားထားပြီး ၂၈၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အကြား စျေးနှုန်း အမျိုးမျိုးကိုတပ်ဆင်နိုင်ကြောင်း သိရသည်။