ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးနှင့်ကော့ကရိတ်ဒေသတလျှောက်၆ရက်တာ ဖြစ်ပွားခဲ့သည့် စစ် ကောင်စီတပ်နှင့်တိုက်ပွဲတွင် စစ်သားအနည်းဆုံး၉၀ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
၎င်းတိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့များက ၆၀မမ၊၄၀မမနှင့် RPGစသောလက်နက်ကြီးများဖြင့်သာ ထိုးဖောက်တိုက်ခိုက်ခဲ့ရသော်လည်း BGFနှင့်အကြမ်းဖက်စစ်တပ်တို့ပူးပေါင်းနေထိုင်သောစခန်း(၂)ခုအားသိမ်းပိုက်နိုင်ခဲ့ကြောင်း Lion Battalion Commando ကထုတ်ပြန်သည်။
ယင်းတိုက်ပွဲများကို K.T.L.A(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နှင့် အခြားသောပူးပေါင်းတပ်ဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်သားတို့ ထပ်မံသေဆုံးစာရင်းကို အတည်ပြုနေဆဲဖြစ် ကြောင်း သိရသည်။
“အခြေအနေကတော့ ကော့ကရိတ်မြို့ထဲကို ပြန်လာတဲ့စစ်သားတွေ အကုန်စုတ်ပြတ်သတ်ပြီး စိတ် ဓာတ်ကျနေတာ သိသာတယ်။ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတာရုပ်မျိုးတွေ။ကိုယ်တွေလည်း ဘယ်ပြေးရမှန်းမသိလို့သာနေနေတာ။ဘယ်အချိန် ကိုယ့်အိမ်လက်နက်ကြီးကျမလဲ ကြောက်နေရ တယ်။မြို့ပေါ်က အသက်ကြီးရှိတဲ့လူတွေ နေရာရွှေ့သွားကြပြီ”ဟု ကော့ကရိတ်မြို့ပေါ်နေ အိမ်ရှင်မ တစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်သည်ကျေးရွာများသို့ ဦးတည်၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ(၁၅၀၀)ကျော်စစ်ဘေးရှောင်ခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များလည်းပျက်စီးခဲ့ကြောင်း Lion Battalion Commando ကထုတ်ပြန်သည်။
လိုအပ်သည့်လက်နက်ခဲယမ်းများကို ပြန်လည်ဖြည့်တင်း၍ အခွင့်အခါသင့်သလို အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်ချေမှုန်းနေမည်ဖြစ်ပြီးပြည်သူများအနေနှင့်လည်း တစ်တိုင်းပြည်လုံး စစ်အာဏာရှင်စနစ်အောက်သို့ ကျရောက်နေသည်ကိုမမေ့မလျော့ကြရန်နှင့် ပိုမိုပြင်းထန်လာမည့်တိုက်ပွဲများအပေါ် ပူးပေါင်းပါဝင်သွားကြရန် Lion Battalion Commando က တောင်းဆိုလိုက်သည်။
စစ်သားများသေဆုံးမှုအရေအတွက်ကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
စခန်းသိမ်းတိုက်ပွဲများကို ဒီဇင်ဘာ၃၁ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ၃ရက်နေ့ ရောက်ချိန်တွင် စစ်ကောင်စီတပ် လေကြောင်း စစ်ကူ အကြိမ်၃၀နှင့်အထက်ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။