မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် အနုကြမ်းစီးမှုနှင့် စျေးဆိုင်များ ဖောက်ထွင်းခံရမှု များလာသည်ဟု မြို့ခံတွေဆီက သိရသည်။
ပခုက္ကူမြို့ အမှတ် ၁၁၊ ၅ လမ်း မြိုင်လမ်း အနောက်ဘက်ရှိ တာယာဆိုင်ဖွင့်ထားသည့် နေအိမ်တစ်အိမ်သည်လည်း ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်းက အနုကြမ်းစီးခံလိုက်ရပြီး ဆိုင်ကယ်အချို့ ပါသွားသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။
“ မြို့ပေါ်မှာက ဖြစ်ရင် အနုကြမ်းစီးတာ ဖြစ်တာ များတယ်။ အခုတစ်ပတ်အတွင်းတောင် နှစ်ကြိမ်ရှိတယ်။ တစ်လကို သုံးကြိမ်အနိမ့်ဆုံးပဲ အဲ့ဒီထက် အများပဲရှိတယ်။ ဖောက်ထွင်းမှုတွေကတော့ ခဏခဏဖြစ်တယ်။ အိမ်တွေထဲဝင်ပြီးပစ္စည်းခိုးကြတာ” ဟု မြို့ခံတစ်ဦးက ဆိုသည်။
ပခုက္ကူမြို့ပေါ်က မိန်းလမ်းဖြစ်သည့် မြိုင်လမ်းဘေးက ဆိုင်ခန်းများအနေဖြင့် မကြာခဏ ဖောက်ထွင်းခံနေရသည်ဟုလည်း စုံစမ်းသိရှိရသည်။
“ မီးကလည်း လာတာမမှန်ဘူးဆိုတော့ ဖောက်ထွင်းချင်တဲ့သူတွေအတွက် လွယ်တာပေါ့။ သူတို့ကို ဖမ်းမိတယ်ဆိုတာလည်း တခါမှမကြားဖူးဘူး” ဟု ၎င်း MPA သို့ ဆက်လက် ပြောပြသည်။
ပခုက္ကူမြို့ပေါ်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီက ဆိုင်ကယ်တစ်စီးကို နှစ်ယောက်မစီးရဆိုသည့် ထုတ်ပြန်ချက်နှင့် ဆိုင်ကယ်ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာ စီးခွင့်ရှိသည်ဟု ထုတ်ပြန်ထားသည်။
သို့သော်လည်း အနုကြမ်းစီးသူများသည် ယင်းထုတ်ပြန်ချက်ကို ဂရုမစိုက်ဘဲ ပြစ်မှုများ ကျူးလွန်လျက်ရှိသည်ဟု ဒေသခံများက ပြောပြသည်။