ရခိုင်တွင် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများကို စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့ တားမြစ်ထားသဖြင့် ရိုဟင်ဂျာများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုကြသည်။
အဆိုပါ ရိုဟင်ဂျာများမှာ စစ်တွေ၊ ပေါက်တော စသည့်မြို့နယ်များရှိ ဒုက္ခသည်စခန်းများတွင် ဆယ်နှစ်ကျော်ကြာ ယာယီခိုလှုံနေထိုင်ကြသည့် သိန်းနှင့်ချီသော လူဦးရေဖြစ်သည်။
စစ်ကောင်စီက ရခိုင်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများကို စစ်တွေ၊ ပေါက်တောအပါအဝင် ၈ မြို့နယ်သို့ သွားရောက်ကူညီခွင့်များကို ကန့်သတ်တားမြစ်ပိတ်ပင်ထားသဖြင့် ယခုကဲ့သို့ စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဟု ရိုဟင်ဂျာများက ဆိုကြသည်။
” စားစရာ ဆန်မရှိတော့ပါဘူး။ အခုကတအားအေးတော့ ကလေးတွေမှာတောင်
အနွေးထည်တွေမရှိပါဘူး။ အပြင်သို့သွားပြီး အလုပ်လုပ်ဖို့လည်း သိပ်အဆင်မပြေဘူး။ အခက်အခဲတွေဖြစ်နေပါတယ်” ဟု စစ်တွေမြို့၊ ဒါးပိုင် ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ရိုဟင်ဂျာတစ်သိန်းကျော်သည် ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ယခုထိ အခက်အခဲပေါင်းစုံနှင့် နေထိုင်နေကြရပြီး ထိုအထဲက အများစုမှာ စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ဖြစ်သည်။
ထိုအထဲက အချို့မှာ ပေါက်တောမြို့ နယ်နှင့် ကျောက်ဖြူမြို့နယ်များတွင်ရှိပြီး ကျောက်ဖြူမြို့နယ်မှ ရိုဟင်ဂျာဒုက္ခသည် ပြန်လည်နေရာချထားပေးသော်လည်း အခက်အခဲပေါင်းစုံရှိနေကာ ပေါက်တောမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်များမှာ အကူအညီများမရသည်မှာ နှစ်လရှိနေပြီဟု ဆိုကြသည်။
ပေါက်တောမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းနှစ်ခုတွင် လူဦးရေးသုံးသောင်းနှင့် အိမ်ထောင်စု နှစ်ထောင်ကျော်ရှိပြီး နိုင်ငံတကာအကူအညီဖြင့် စားဝတ်နေရေးပြဿနာကို ဖြေရှင်းရပ်တည်နေခဲ့ကြရသည့်အတွက် ထိုသို့ အကူအညီမရပါက ရေရှည်ရပ်တည်ရန် မလွယ်ကြောင်းလည်း ရိုဟင်ဂျာဒုက္ခသည်များက ဆိုကြသည်။
” အကူအညီတွေ မရတာ နှစ်လရှိပါပြီ။ ဒီမှာ ဘာမှလုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတော့ ရေရှည်ရပ်တည်ဖို့က မလွယ်ပါဘူး။ ကလေးတွေကိုတောင် ထမင်းပုံမှန်မကျွေးနိုင်တော့ဘူး” ဟု ပေါက်တောမြို့နယ်၊ ငှက်ချောင်း ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရခိုင်ရှိ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များနှင့် ဒေသတွင်း လူမှုကူညီရေးအဖွဲ့များကို ကန့်သတ်တားမြစ်ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
ထို တကျော့ပြန်တိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ပြီး ယာယီအပစ်ရပ်ထားကြသော်လည်း ယနေ့အထိ ပြန်လည်းသွားလာ ကူညီခွင့်မပေးသေးကြောင်း ရခိုင်ရှိ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များနှင့် ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက ဆိုကြသည်။
ရခိုင်တွင် ရိုဟင်ဂျာဒုက္ခသည်များအပြင် စစ်ဘေးရှောင်ဒုက္ခသည်များလည်း သိန်းနှင့်ချီရှိနေပြီး ထိုစစ်ဘေးရှောင်များကို စစ်ကောင်စီက အကူအညီပေးခွင့်များ တားမြစ်ကန့်သတ်ထားသည်ဟု စစ်ဘေးရှောင်များနှင့် အကူအညီပေးရေးအဖွဲ့များက ဆိုကြသည်။
ရခိုင်တွင် စစ်ကောင်စီက အကူအညီပေးရေးများအပြင် ခရီးသွားလာရေးများကိုလည်း တားမြစ်ထားသဖြင့် ဒုက္ခသည်များအပြင် အခြားရိုဟင်ဂျာများလည်း စားဝတ်နေရေး အခက်အခဲများ၊ ပညာသင်ကြားခွင့်၊ ဆေးဝါးကုသခွင့်များပင် ပိတ်ဆို့ ကန့်သတ်ခံထားကြရသည်ဟု ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြသည်။