မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ငတရော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများက နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာထဲတွင်လည်း ဒေသခံအချို့ပိတ်မိနေကြောင်း ဒေသခံသတင်းအရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ နံနက် ၁၁ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပူးပေါင်းပြီး အင်အား ၁၅၀ ကျော်ဖြင့် ငတရော် ကျေးရွာထဲသို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့မှုများပြုလုပ်ခဲ့သည်။ ထို့နောက်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာထိုကျေးရွာထဲမှာပင်ဆက်လက်တပ်စွဲထားကြောင်းသိရသည်။
“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သူတို့နဲ့ပစ်ခတ်မှုတွေဖြစ်ကြတယ်သူတို့ဘက်က သေသွားတဲ့သူတွေ လည်းရှိတယ် တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေးတွေနဲ့အတူ ပျူစောထီးတွေကပါ လက်နက်တွေဖောက်ပြီးရွာ ထဲဝင်လာတယ် ပြီးတော့ရွာကိုမီးရှို့တော့တာပဲ ” ဟု မြေပြင်သတင်းပေးသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်တော့မည်ကို ကြိုတင်ကြားသိရသောကြောင့် ဒေသ ခံများစွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အသက်ကြီးသည့် အဖိုးအဖွားအနည်းငယ်မှာ တော့ထွက်ပြေးနိုင်ခြင်းမရှိသောကြောင့် ကျေးရွာထဲတွင်သာကျန်ရှိခဲ့ကြောင်း သိရသည်။
ထပ်မံ၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင်လည်း ကျန်ရှိနေသေးသောနေ အိမ်များကို မီးရှို့မှုများ ထပ်မံပြုလုပ်ပြီး ထိုကျေးရွာထဲတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ ဒေသ ခံပြည်သူများမှာတော့ နီးစပ်ရာတောထဲသို့ ဝင်ရောက်တိမ်းရှောင်နေကြရသည်။
“ဘာအငြိုးနဲ့များ တစ်ရွာလုံးကုန်အောင်မီးရှို့လည်းတော့ မသိပါဘူး။ ရွာသားတွေလည်း ငိုပြေးတဲ့သူ ပြေးနဲ့ သူတို့မှာနေစရာအိမ်မရှိတော့ဘူး။ ဘယ်မှာနေရမလဲဆိုပြီး ငိုနေကြတယ်။ အချို့ကတော့သူတို့ အမျိုးတွေရှိတဲ့နေရာမှာပဲ ပြန်နေတော့မယ်ဆိုပြီး ပြောနေကြတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငတေရော်ကျေး ရွာတို့ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ၏နေအိမ်များကို ဝင်ရောက်မွှေနှောက်သွားခြင်းနှင့် ရွာသားများ၏ ဆိုင်ကယ် ၁၀ စီးကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း အတွင်းရှိ ကျေးရွာများကို အဓိကထားပစ်မှတ်ထားပြီး ထိုမြို့နယ်အတွင်းရှိ ကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်း နှင့် အပြစ်မဲ့ပြည်သူများစွာကို ဖမ်းဆီးသတ်ဖြတ်ခြင်း များစွာလည်း လုပ်ဆောင်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။