ရန်ကုန်မြို့ရှိ လူသုံးဆေးဝါးအရောင်းဆိုင်များတွင် ဆေးဝါးစျေးနှုန်း ၂ဆကျော်မြင့်တက်လာပြီး ဘိုင်အိုဂျက်ဆစ်နှင့် အခြားဆေးများ ပြတ်လပ်မှုဖြစ်နေကြောင်း လူသုံးနိုင်ငံခြားဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၉ရက်နေ့မှ စပြီး နိုင်ငံခြားမှ တင်ပို့သည့် လူသုံးဆေးဝါးများ စျေးနှုန်းတဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ဇူလိုင်လ ၂၀ရက်နေ့မှ စတင်ကာ ဆေးဝါးကုမ္ပဏီ အကြီးအသေးပေါ်မူတည်ပြီး လူသုံးဆေးဝါးအားလုံးကို ၁၀ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရောင်းချနေရကြောင်း အဆိုပါ လုပ်ငန်းရှင်ကပြောသည်။
“စျေးက ထက်ဝက်မဟုတ်ဘူး။ ၂ဆကျော်မြင့်သွားတာ။ FDAက ဆေးဝါးသယ်သင်္ဘောတွေကို ကမ်းကပ်ခွင့်မပေးတော့ စျေးကထိုးတက်လာတဲ့သဘောပါ ” ဟု ၄င်းက ရှင်းပြသည်။
ယခုလို လူသုံးဆေးဝါးစျေးနှုန်းများ သိသိသာသာမြင့်တက်လာရခြင်းသည့် အိမ်စောင့်အစိုးရအမည်ခံ အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားမှုအရ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) ၏ နိုင်ငံခြားမှတင်ပို့သည့် လူသုံးဆေးဝါးသယ်သင်္ဘောများကို ပြည်တွင်းသို့ ကမ်းကပ်ခွင့်မပေးသောကြောင့် ယခုလိုတိုးမြင့်လာရကြောင်း အမည်မဖော်လိုသူ ဆေးဝါးကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောသည်။
ထို့အပြင် ပြည်တွင်းစျေးကွက်တွင် နာမည်ကျော်ကြားပြီး အခြေခံလူတန်းစားမှအစ အလွယ်တကူ ဝယ်ယူသောက်သုံးနေသည့် ဒီကိုလ်ဂျင်၊ ပါရာစီတမော၊ ပါရာကတ်(အစိမ်း)နှင့် ဘိုင်အိုဂျက်ဆစ်ဆေးများကို ပြည်ပမှ လေကြောင်းအသုံးပြုပြီး မှာရကြောင်းနှင့် ယင်းဆေးဝါးသယ် လေယာဉ်များသည် နေပြည်တော်သို့သာ တိုက်ရိုက်ပျံသန်းသဖြင့် ဆေးဝါးမှာယူငွေသာမက သယ်ယူပို့ဆောင်ရေးစရိတ်များပါ ထပ်မံကုန်ကျနေသဖြင့် ဆေးဝါးစျေးမှာ ယခုလို မြင့်တက်နေကြောင်း အမည်မဖော်လိုသူ ဆေးဝါး ကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။
“အလွယ်ဆုံးဥပမာပေးရရင် အရင်က ပါရာစီတမော တစ်ကတ်ကို ၃၀၀ကျပ်ကျတယ်။ အကောင်းစား ၅၀၀အား ပါရာကတ်အစိမ်းကိုပြောတာနော်။ အခုစျေးကွက်မှာ တကတ်ကို ၉၀၀ဖြစ်သွားပြီ။ ဘယ်သူခံရလဲ ပြည်သူပဲခံရတာ။ ၃၀၀တန်တောင် ၃ဆနီးပါးပေးရရင် ကျန်တဲ့ စျေးမြင့်တဲ့ဆေးဆိုတွက်ကြည့်။ နေ့စဉ် ဆေးမှီဝဲနေရတဲ့ လူနာရှင်တွေနေရာမှာ နေကြည့်။ သူတို့မထိန်းနိုင်ဘဲ ခွေးရူးလိုလုပ်နေတာ။ နောက်ရက်တွေ သိုလှောင်ထားတဲ့ ဆေးဝါးတွေပျက်တဲ့အခါ စျေးက ပိုထောင်ဖို့ပဲရှိတယ် ” ဟု အမည်မဖော်လိုသူ ဆေးဝါး ကုမ္ပဏီပိုင်ရှင်တစ်ဦးက သူ၏ထင်မြင်ယူဆချက်အား MPAသို့ပြောဆိုသည်။
ကျောက်တံတားမြို့နယ်ရှိ ခွဲတမ်းရဆေးဆိုင်ပိုင်ရှင်များကို MPAမှ မေးမြန်းရာ ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရပြီး လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသလို လူနာများဆေးတိုးဝယ်နေရသည့် အခြေအနေကို မရောက်သေးသော်လည်း ရောက်လုဆဲဆဲ အခြေအနေတွင်ရှိနေသည်ဟု နိုင်ငံခြားနှင့် တိုင်းရင်းဆေးဆိုင်ဖွင့်လှစ်ထားသည့် ကိုအဲရစ်က သုံးသပ်သည်။
“ဘိုင်အိုဂျက်ဆစ်ကို ရတဲ့ဆိုင်နည်းသွားပြီ။ Wood’s ချောင်းဆိုးပျောက် ဆေးရည်လည်း ပြတ်ပြီ။ ဒီကိုလ်ဂျင်လည်း ၁,၆၀၀ တန်တစ်မျိုးပဲ ရတော့တယ်။ လူတွေက ဒီကိစ္စကို ပေါ့သေးသေးထင်နေပေမယ့် လူနာရှင်တွေဆို ကတ်လိုက်ဝယ်နေရာကနေ ခွဲဝယ်ရတဲ့အနေအထား တွေ့နေရပြီ ” ဟု နိုင်ငံခြားနှင့် တိုင်းရင်းဆေးဆိုင်ဖွင့်လှစ်ထားသည့် ကိုအဲရစ်က သူ၏သုံးသပ်ချက်အား MPAမှ တစ်ဆင့်မျှဝေခဲ့သည်။
လူသုံးဆေးဝါးလာရောက်ဝယ်ယူသည့် အမျိုးသမီးတစ်ဦးအား ဆေးစျေးနှုန်း မြင့်တက်မှုရှိမရှိ MPAမှ မေးမြန်းရာ ဘိုင်အိုဂျက်ဆစ် ၅၀ကတ်ပါတစ်ဘူးကို ယခင် က ၁၉,၀၀၀ကျပ် ပေးဝယ်ရရာမှ ဇူလိုင်လ ၁၉ရက်နေ့တွင် ၄၂,၀၀၀ကျပ် ပေးဝယ်နေရကြောင်း သူမကပြောသည်။
“ဒီနေ့တစ်ဘူးသွားဝယ်တာ ဆိုင်၆ဆိုင်မှာကုန်နေပြီ။ ဒီဆိုင်ရောက်မှ ရတာ။ တစ်ဘူးကို ၄၂,၀၀၀ကျပ် ပေးလိုက်ရတယ်။ မကျေနပ်လို့မဝယ်ရင် ကိုယ်ပဲထိမှာ။ စျေးတက်တော့ အကုန်ခံရတာပဲ ” ဟု လူသုံးဆေးဝါးလာရောက်ဝယ်ယူသည့် အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိတွင် လူသုံးဆေးဝါးရောင်းချရန် ကုမ္ပဏီအသစ်များ လျှောက်ထားမှုကို အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်မခံဘဲ ၅နှစ်စောင့်ဆိုင်းရန် ပြန်လည်ပြောဆိုထားကြောင်းနှင့် ပြည်ပမှ တင်ပို့မှုအား ရပ်ဆိုင်းမှုများကြောင့် လူသုံးဆေးဝါးနှင့် နိုင်ငံခြားတင်ပို့ကုန်ပစ္စည်းများ၏ စျေးကွက်သည် အဆမတန်မြင့်တက်နေပြီး အကြမ်းဖက်စစ်ကောင်စီအနေနှင့်လည်း ကောင်းမွန်စွာ ဖြေရှင်းနိုင်မှုမရှိခြင်းကြောင့် ပြည်သူများစွာ ညည်းညူနေရကြောင်း စုံစမ်းသိရသည်။