ရှေးဟောင်းမြို့တော်မြောက်ဦးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာဥပဒေချိုးဖောက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်သူများက ပြောသည်။
ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၁၃ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီလေတပ်က Mi-35 ရဟတ်ယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
“နိုင်ငံတကာ ဥပဒေမှာက ပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခြင်း မပြုရဆိုတာ ရှိတယ်။ အခုတော့ စစ်ကောင်စီက ကျေးရွာတွေကို ဗုံးကြဲတယ်။ နောက်ပြီး ရခိုင်ဒေသမှာဆိုရင်လည်း ရှေးဟောင်းအမွေအနှစ်မြို့တော်ဖြစ်တဲ့ မြောက်ဦးကို ဗုံးကြဲတယ်။ လက်နက်ကြီးတွေ လေယာဉ်တွေသုံးပြီး ပစ်ခက်တာဟာ ပြည်တွင်းမှာနေပြီးတော့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ်”ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
မြောက်ဦးမြို့သည် ရခိုင်လူမျိုးများ၏ အထွတ်အမြတ်ထားရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ မြို့တစ်မြို့ဖြစ်ပြီး အဆိုပါမြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် ရခိုင်လူမျိုးနှင့် ၎င်းတို့၏ယဉ် ကျေးမှုကို ထိခိုက်စော်ကားခြင်းသက်ရောက်ကြောင်း ၎င်းကဆက်လက်ပြောသည်။
မြောက်ဦးမြို့တွင်နေထိုင်သည့် ဒေသခံတစ်ဦးကလည်း “တိုင်းရင်းသား၊ လူမျိုးတိုင်းမှာ အထွတ်အမြတ်ထားတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုတာက ရှိပြီးသားပဲလေ။ မြောက်ဦးမြို့ဆိုတာကလည်း ရခိုင်လူမျိုးတွေရဲ့ တန်ဖိုးထားရတဲ့ ရှေးဟောင်းမြို့တော်ဖြစ်တယ်။ အဲ့ဒါကို စစ်ကောင်စီက တမင်တကာ ဗုံးကြဲတိုက်ခိုက်တာဟာ ရခိုင်လူမျိုးတွေအတွက်တော့ ကျေနပ်မှုရှိစရာ တစ်ခုမှမရှိဘူး”ဟု ဆိုသည်။
စစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခြင်းကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ ကျည်ထိမှန်မှုများရှိခဲ့သော်လည်း အရေအတွက်အားဖြင့် မည်မျှထိခိုက်သွားသည်ကို MPA အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။
“ကျွန်မတို့က ယဉ်ကျေးမှုတွေကို ချစ်မြတ်နိုးသူတွေဖြစ်တဲ့အတွက် ဒီယဉ်ကျေးမှုတွေ ကာကွယ်စောင့်ရှောက်နေတာဖြစ်တယ်။ ဒီလိုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးမှုတွေဖြစ်ပေါ်လာတဲ့အခါမှာ စိတ်မကောင်းဖြစ်ရတယ်လို့ပဲ ပြောနိုင်တယ်။ အကျိုးသက်ရောက်မှုကတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်”ဟု ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်သူ မြောက်ဦးမြို့ဒေသခံတစ်ဦးက ပြောသည်။
မြောက်ဦးမြို့နှင့် နယ်မြေချင်းထိစပ်နေသည့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာရှိ ဘုရားတောင်၊ ယင်းနေရာနှင့် ၃ မိုင်ခန့်အကွာရှိ တောင်ဖြူတောင်ပေါ်တို့တွင် အထိုင်ချထားသည့် တပ်စခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများကို မြောက်ဦးရဲစခန်းသို့ ဒီဇင်ဘာလ ၁၃ ရက်က ပြောင်းရွှေ့လာစဉ် AA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄ နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းကလည်း မြောက်ဦးမြို့ရှိ စစ်ကောင်စီရဲတပ်ရင်းအား ရက္ခိုင့်တပ်တော် AA ကဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က တိုက်လေယာဉ်များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။