ရခိုင်ပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၄၅ ရက်တာကာလအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းက စစ်ကောင်စီစခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်ထားကြောင်း ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၁၄ ရက်၊ ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
“အခုလိုမျိုး ရက္ခိုင့်တပ်တော်အနေနဲ့ စစ်ကောင်စီရဲ့စခန်းတွေကို သိမ်းလိုက်နိုင်တာက သူတို့ရည်မှန်းထားတဲ့၊ ရေးဆွဲထားတဲ့ ပေါ်လစီတွေအတိုင်း အကောင်အထည်ဖော်လုပ်ဆောင်နေတာဖြစ်တယ်။ ပေါ်လစီထဲမှာက ရက္ခိုင့်တပ်တော်အနေနဲ့က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်တာဖြစ်တဲ့အတွက် စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်း သူတို့လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပေါ့”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်းတီးခွင့်သာရရှိခဲ့ပါက ရခိုင်ဒေသခံများအနေဖြင့် လွတ်လပ်ရေးအပါအဝင် ထိုက်သင့်သောအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ၁၀၂၇ စစ်ရေးစတင်သည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ စုစုပေါင်း ၄၅ ရက်အတွင်း စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက်-ရဲဘက်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်အနေနဲ့ကတော့ ကျေနပ်တယ်။ ကျွန်တော်တို့ တပ်တော်အနေနဲ့က အခုလိုစခန်းတွေများများသိမ်းပိုက်နိုင်လေ ကျွန်တော်တို့ဒေသရဲ့ အခွင့်အရေးတွေ ပိုပေါများလေလို့ ယုံကြည်တယ်။ စစ်ကောင်စီက ခေတ်အဆက်ဆက်လည်း ကျွန်တော်တို့ဒေသကို ပိတ်ဆို့မှုတွေလုပ်တယ်။ ကန့်သတ်ချက်တွေနဲ့ထားတယ်။ တပ်တော်အနေနဲ့ ကိုယ့်ဒေသကို ကိုယ်တိုင်စီမံကိုင်တွယ်လာနိုင်ပြီဆိုရင်တော့ ကျွန်တော်တို့လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်”ဟု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းနေထိုင်သည့်လူငယ်အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ရက္ခိုင့်တပ်တော်သည် စစ်တွေမြို့နယ်တွင် အောင်ဒိုင်ချောင်းဝစခန်း၊ ပေါက်တောမြို့နယ်တွင် ဆင်တက်မော်လုံထိန်းစခန်း အပါအဝင် ရဲစခန်း ၅ ခု၊ ကျောက်ဖြူမြို့နယ်တွင် မြို့ချောင်းရဲစခန်းအပါအဝင် ရဲစခန်း ၇ ခု ၊ ရမ်းဗြဲတွင် နယ်မြေရဲစခန်း ၄ ခု၊ မြေပုံတွင် ကမ်းထောင့်ကြီးမြို့ရဲစခန်းနှင့် တောင်ကုန်းစခန်း ၃ ခု၊ တောင်ကုတ်တွင် ရွာမရဲစခန်းနှင့် လမူးရဲစခန်း၊ လမူးတိုက်နယ်၊ သံတွဲတွင် ကျောက်ကြီးနယ်မြေရဲစခန်းအပါအဝင် ရဲစခန်း ၂ ခု ၊ အမ်းမြို့နယ်တွင် ခမရ ၅၄၂ တပ်ရင်းနှင့် တောင်ကုန်းစခန်း ပူးတွဲပါစခန်း ၃ ခု ၊ မောင်တောတွင် ရွာသစ်ကေကင်းစခန်းအပါအဝင် နခခ ၁ လက်အောက်ခံ ကင်းစခန်း ၆၂ ခုကို သိမ်းပိုက်ထားသည်။
“တပ်တော်က ပြောထားတာရှိတယ်။ တိုက်ပွဲဆိုတာ နိုင်အောင်တိုက်ရတယ်တဲ့။ သူတို့ရည်မှန်းချက်ကို လုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ရခိုင်လူငယ်တွေကလည်း ရက္ခိုင့်တပ်တော် စတည်ထောင်ကတည်းက ယုံကြည်ချက်ရှိရှိနဲ့ကို တပ်တော်ထဲဝင်ခဲ့ကြတာတွေရှိတယ်။ ပြီးတော့ အခုဆို တပ်တော်အနေနဲ့က ရခိုင်လူငယ်တွေကို သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ တရားရေးတွေမှာ နေရာပေးလာတယ်။ စစ်ကောင်စီသာရှိနေရင် ကျွန်တော်တို့ လုပ်ချင်တာကို လုပ်လို့ မရဘူး။ လက်တွဲခေါ်ယူတဲ့အတွက် အခုလိုတပ်တော်ရဲ့အနိုင်ရရှိမှုတွေကလည်း ကျွန်တော်တို့အတွက် အားဖြစ်စေတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဆိုသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကာလ ၄၅ ရက်အတွင်း ကျောက်တော်မြို့နယ်ရှိ တပ်မ ၅၅ လက်အောက်ခံ၊ ခမရ – ၁၈ တပ်ရင်းနှင့် ယာယီအခြေပြုစခန်းအပါအဝင် ပူးတွဲပါလက်အောက်ခံတပ်မစခန်း ၇ ခု ၊ မြောက်ဦးတွင် တိမ်ညိုကျေးရွာ ရဲစခန်းအပါအဝင် စခန်း ၃ ခုနှင့် မင်းပြားတွင် ပန်းမြောင်းအောင်မင်္ဂလာတောင်ကုန်းစခန်းအပါအဝင် ရဲစခန်း ၅ ခု ၊ ဘူးသီးတောင်တွင် ဓာတ်အားခွဲရုံ ရဲကင်းစခန်းအပါအဝင် စခန်း ၆ ခု၊ ရသေ့တောင်တွင် အငူမော်စခန်းအပါအဝင် စခန်း ၄ ခု ၊ ပုဏ္ဏားကျွန်းတွင် တပ်မ – ၂၂ လက်အောက်ခံ၊ ခမရ -၂၀၂/ ၂၀၄ အပါအဝင် ပူးတွဲပါ စခန်း ၃ ခုအား သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ခလရ – ၂၈၉ ၊ ခမရ -၂၁၁ ၊ တပ်မ ၅၅ လက်အောက်ခံ ခမရ – ၁၈ တပ်ရင်းစခန်းကုန်း၊ စစ်စခန်းငယ်၊ ဂိတ်တချို့နှင့် ဗျူဟာကုန်းအပါအဝင် ၁၇ ခုကို သိမ်းပိုက်ထားကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အရသိရသည်။