ရခိုင်တွင် စစ်ကောင်စီက ရခိုင်ဒေသခံများကို ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ်ချမှတ်မှုများ ပြုလုပ်နေသည်ဟု ရခိုင်ပြည်သူများက ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးနှိပ်စက်ထားပြီး နှစ်လကြာ ထိန်းသိမ်းထားသူတစ်ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုတရားစွဲဆိုထားပြီးနောက် ယခုက နောက်ထပ် အမှုတပ်ထိုးကာ တရားစွဲဆိုထားသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ ကာဒီကျေးရွာမှ ဆန်စက်ပိုင်ရှင် အသက် ၄၃ နှစ်အရွယ် ဦးလှမောင်သန်းသည် ယခုလ ၁၉ ရက်နေ့က ပုဒ်မ ၁၃၁ ဖြင့် အမှုထပ်ဖွင့် တရားစွဲဆိုခံထားရသည်ဟု မိသားစုဝင်များက ဆိုသည်။
“ သူ့ကို ပထမတစ်ခုနဲ့ ဖွင့်ထားပြီးသားပါ။ အခုထပ်ပြီး အမှုတစ်ခုဖွင့်လိုက်တာပါ။ သူ့မှာအပြစ်မရှိလို့ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု မိသားစုဝင်းတစ်ဦးက MPA သို့ ပြောသည်။
ထိုသူကို ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့က ကျောက်တော်မြို့နယ်ရှိ ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူးက ဆွေးနွေးစရာကိစ္စရှိသည်ဟု လိမ်လည်ခေါ်ယူခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု အကြောင်းပြကာ ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်သည်။
ထိုကဲ့သို့ ဖမ်းဆီးထားစဥ်အတွင်း ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ထားသဖြင့် ဆေးဝါးကုသရန် လိုအပ်နေသော်လည်း ကုသခွင့်မရကြောင်းလည်း မိသားစုဝင်များက အသိပေးသည်။ ” အခုက သူလည်း အသက်အန္တရာယ်တွေ ရှိနေပါတယ်။ မိသားစုကလည်း အဆင်မပြေတော့ပါဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲအတွင်း ဖမ်းဆီးတရားစွဲဆိုခံနေရသူများထဲတွင် ထိုဆန်စက်ပိုင်ရှင်မှာ ပုဒ်မ ၁၃၁ ဖြင့်ပထမဆုံး အမှုဖွင့်တရားစွဲဆိုခံရသူဖြစ်ကြောင်း ရခိုင်က လူ့အခွင့်အရေးစောင့်ကြည့်သူများက ဆိုကြသည်။
ထို ပုဒ်မ ၁၃၁ သည် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့်ဆိုင်သော ပြစ်မှုဖြစ်ပြီး တပ်မတော်သားများ စစ်ပုန်ကန်မှု ကျူးလွန်ခြင်းကို အားပေးခြင်း၊ နိုင်ငံတော် သစ္စာဖောက်ဖျက်စေရန်လည်းကောင်း၊ တာဝန်ဝတ္တတရား မဆောင်ရွက်စေရန် အားထုတ်လျှင် ထိုသူကို တသက်တကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည်သူ ၂၀၀ ကျော်ထိ ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲက လူ ၁၀၀ ကျော်ကို ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။