၂၀၁၇ခုနှစ်မှစတင်၍ မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်ခြင်းခံရသော ရိုဟင်ဂျာလူမျိုးတို့၏ ၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ယနေ့ ဩဂုတ်လ ၂၅ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာရှိ စစ်ဘေးရှောင်ကလေးငယ်များအား စာသင်ကြားပေးနေသည့် ရွှေ့ပြောင်းစာသင်ကျောင်းတစ်ခုတွင် ကျင်းပခဲ့ကြသည်။
စာသင်ကျောင်းရှိ ကလေးငယ်များသည် Rohingya Genocide Never Again ၊ Sorry Rohingya စသည့် စာတမ်းများကို ကိုင်ဆောင်ကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
“ဗမာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှု့တွေကို ငြင်းမရတဲ့အမှန်တရားအနေနဲ့ တစ်ကမ္ဘာလုံး မျက်ဝါးထင်ထင် မြင်တွေ့ရနေပါပြီ။ အရင်တစ်ချိန်တုန်းက ကိုယ့်ဘာသာမတူရင် မိစ္ဆာဒိဌိ ဆိုတဲ့အယူဝါဒတွေ၊ ဘာသာခြားတွေကိုသတ်ရင် ငရဲမကျဘူးဆိုတဲ့ မှိုင်းတိုက်တဲ့အယူဝါဒတွေကိုလဲ ကျွန်တော်တို့ လူ့အသိုင်းဝိုင်းတစ်ခုလုံး ဖျောက်ပစ်ဖို့လိုနေပါပြီ။ အခုဆို မကြာသေးမီအချိန်က စစ်ကိုင်းတိုင်းမှာလဲ လူမျိုးသုန်းသတ်မယ်ဆိုတဲ့စာသားတွေကို တွေ့ရပါတယ်။ အခုလို ရိုဟင်ဂျာအရေးလို ဗမာပြည်မှာ ထပ်မဖြစ်ဖို့ အာဏာရှင်ကို အမြစ်ကလှန်ပြီး တွန်းလှန်ကြဖို့ တိုက်တွန်းချင်ပါတယ် ” ဟု အခမ်းအနားအား ဦးဆောင်ကျင်းပသူ ဆရာသားထက်ဇော်က ပြောသည်။
လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေးတွင် ရခိုင်ဒေသခံ ရိုဟင်ဂျာအများအပြား သတ်ဖြတ်ခံခဲ့ရပြီး သိန်းနှင့်ချီသည့် ရိုဟင်ဂျာများသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။