ကင်ညာ စစ်ဦးစီးချုပ် ဖရန်စစ် အိုဂိုလာသည် ဧပြီလ ၁၈ ရက်နေ့တွင် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း CNN သတင်းဌာနက ဖော်ပြထားသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ် ပျက်ကျမှုတွင် ကင်ညာ စစ်ဦးစီးချုပ် (၆၁ နှစ်) နှင့် နောက်ထပ် အဖွဲ့ဝင်ကိုးဦး သေဆုံးသွားခဲ့သည်ဟု ဆိုပြီး အသက်ရှင် လွတ်မြောက်သူ ၂ ဦးရှိခဲ့သည်ဟု အသိပေးထားသည်။
“ ကင်ညာကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန့်စစ် အိုဂိုလာ ကွယ်လွန်ကြောင်း ကြေညာလိုက်ရတဲ့အတွက် အလွန်ဝမ်းနည်းမိပါတယ်” ဟု ကင်ညာသမ္မတ ဝီလီယံရူတိုက ပြောကြားထားသည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားကြောင်း သမ္မတက ဆက်လက်အသိပေးသည်။
လေယာဉ်ပျက်ကျပြီးနောက် သမ္မတရူတိုသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဟူစိန်မိုဟာမက်က အသိပေးထားသည်။
ကင်ညာနိုင်ငံသည် ယနေ့ သောကြာနေ့မှ စတင်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို သုံးရက်ကြာ ကျင်းပမည်ဟု ဆိုသည်။
နိုင်ငံပိုင် အသံလွှင့်ဌာန Kenya Broadcasting Corporation (KBC) ၏ အဆိုအရ ကင်ညာ စစ်ဦးစီးချုပ် ဖရန်စစ် အိုဂိုလာသည် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားသည့် ပထမဆုံး ကင်ညာ စစ်ဦးစီးချုပ် ဖြစ်ကြောင်း သိရှိရသည်။