By MPA 004
အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့သည် မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တရားဥပေဒအရ ပြန်လည်အရေးယူမည့် ကိစ္စရပ်များတွင် ပါဝင်ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်အသိပေးလိုက်သည်။
ယနေ့တွင်ကျရောက်သည့် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ် ငါးနှစ်ပြည့်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့က ယခုလို ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။
ဗြိတိန်သည် ရိုဟင်ဂျာလူမျိုးများနှင့် စည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်ပြီး မြန်မာစစ်တပ်၏ ကြောက်မက်ဖွယ်ရာ လူမျိုးတုန်းသုတ်သင်ရေး လှုပ်ရှားမှုများကို ရှုတ်ချကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ငါးနှစ်က မြန်မာစစ်တပ်သည် ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးများနှင့် ကလေးထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့်အပြင် မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ကြီးမားသော အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ပြီး ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးတစ်ရပ်အဖြစ် လှုပ်ရှားပြုလုပ်ခဲ့သည်။
ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော်သည် ၎င်းတို့၏ နေရပ်မှ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခိုလှုံခွင့် တောင်းခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်သည် နိုင်ငံကို စစ်အာဏာသိမ်းပြီး မြန်မာ့ဒီမိုကရေစီအနာဂတ်ကို ရပ်တန့်ပစ်ရန် ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့ကာ မြန်မာပြည်သူများကို ဖိနှိပ်၊ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး သတ်ဖြတ်မှုများပြုလုပ်ခဲ့သည်။
ဒီမိုကရေစီလိုလားသူများနှင့် အတိုက်အခံခေါင်းဆောင်များကို အကြမ်းဖက်စစ်ကောင်စီက ကွပ်မျက်ခြင်းများပြုလုပ်သလို မြန်မာပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များသည် အာမခံချက်မရှိဘဲ ရှေ့က ပြုလုပ်ခဲ့သည်အတိုင်း ဥပမာများပေးလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုသည်လည်း ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု မြှင့်တင်ရန် ကတိကဝတ်ပြုထားပြီး ရိုဟင်ဂျာများနှင့်အတူ မြန်မာပြည်သူပြည်သားများ အားလုံးနှင့် တညီတညွတ်တည်း ရပ်တည်နေသည်ဟု အသိပေးသည်။
မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၊ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးရှေ့မှောက်တွင် စွဲဆိုထားသော လူမျိုးတုန်း သတ်ဖြတ်မှု ဆိုင်ရာ သဘောတူညီချက်အောက်ရှိ အမှုတွဲနှင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် တရားစီရင်ပိုင်ခွင့်ရှိသော ကမ္ဘာတစ်ဝှမ်းရှိ တရားရုံးများကို ဆက်လက်ထောက်ခံသည်ဟု ထုတ်ပြန်အသိပေးသည်။