ယခင် ခေတ်ကောင်းစဉ်က စုမိဆောင်းမိ ထားတာလေးတွေ ကုန်ဆုံးလာပြီး နေထိုင်စားသောက်ရေးအတွက် စိတ်ပူနေသည့် မမျိုးမျိုးခင် (အမည်လွှဲ) တစ်ယောက် ကြံရာမရဖြစ်နေသည်ဟု ဆိုသည်။ သို့သော် မတတ်နိုင်၊ ယုံကြည်ရာကို လျှောက်လှမ်းပြီးမှ ဆက်လျှောက်ရုံသာ ရှိသည်ဟု သူက ပြောသည်။
အာဏာသိမ်းမှုက လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျှင် ၂ နှစ်ပြည့်မြောက်မည်ဖြစ်သည်။ မမျိုးမျိုးခင်၏ CDM ပြုလုပ်ထားမှုကလည်း ၂ နှစ်ပြည့်တော့မည်။ ထိုကာလများထဲတွင် သူ့အတွက် ပေါင်းစုံသောအခက်အခဲများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
အာဏာရှင်ကို မကြိုက်၍ CDM ပြုလုပ်ခဲ့သည့် ဆရာမတစ်ယောက်အတွက် ၂ နှစ်တာ နီးပါးကာလသည် အတော်လေး ရင်ဆိုင်ရခက်ခဲ့သည်။ ယခင်ကတည်းက ငွေကို ခြိုးခြံချွေတာသုံးတတ်သည့် စနစ်ကို လက်ကိုင်ထား၍သာ ခံသာနေသည်။
“အခုဘာလုပ်ရမှန်းမသိဖြစ်နေပြီ။ ကိုယ်က တစ်ယောက်ထဲလိုဖြစ်နေတယ်။ အရင်က စုဆောင်းထားတာလေးတွေရှိတော့ သူများတွေ (သိပ်ကျပ်တည်းနေသူတွေ) ခက်ခဲနေတာလောက်တော့ မဟုတ်ဘူးပေါ့”ဟု မမျိုးမျိုးခင်က ပြောပြသည်။
၂ နှစ်နီးပါးခန့်ကို အလုပ်မရှိ ဖြတ်သန်းခဲ့သည့် သူက စျေးရောင်းသည့်အလုပ်ကို လုပ်ရန် တစ်ခါတခါ စဉ်းစားမိသော်လည်း မကျွမ်းကျင်သည့်အလုပ်ဖြစ်၍ အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ရှိသည်ဟု ရှင်းပြသည်။
အသက် (၄၂) အရွယ် မမျိုးမျိုးခင်တို့အတွက် ငိုစာ၊ ရယ်စာမရှိ၊ ကလေးခလောက် မရှိသည်က တော်သေးသည်။ အာဏာသိမ်းမှု ကာလတစ်လျှောက်လုံး ဇနီးမောင်နှံနှစ်ယောက် တစ်နေ့တာအတွက် ကြုံရာနှင့်ပင် စားသောက်ဖြတ်သန်းပြီး နေနေကြရသည်။
ယခင်က အမျိုးသားဖြစ်သူက စာရေးတော့ စာမူခရသည့်အပြင် မမျိုးမျိုးခင်၏ ဝန်ထမ်းလစာဖြင့် ဖြတ်သန်းခဲ့ကြသည်မှာ အဆင်ပြေလှသည်ဟု ဆိုသည်။ ယခုတွင် အမျိုးသားဖြစ်သူလည်း စာမရေးနိုင်တော့။ စစ်ကောင်စီနှင့် နီးစပ်သည့် အလုပ်မှန်သမျှ မလုပ်လိုဟုဆိုကာ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးစလုံး ပြတ်သားခဲ့ကြခြင်းဖြစ်သည်။
“အိမ်က လူကြီးကတော့ ပြောတယ်။ နောက်တစ်နှစ်၊ ၂ နှစ်နေမှ မထူးဘူးဆိုရင် အလုပ်တစ်ခုခုတော့ လုပ်တော့မယ်တဲ့။ အခုတော့ ဒီအတိုင်းပဲ။ တဖြည်းဖြည်းနဲ့တော့ စိတ်ဓာတ်ကျလာတယ်”ဟု မမျိုးမျိုးခင်က ပြောပြသည်။
အာဏာသိမ်းပြီးနောက် အစောပိုင်းကာလ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဝန်ထမ်းအများအပြား လိုက်ပါကာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ အချို့မှာ လုပ်ငန်းခွင်မှ စွန့်ခွာရန် ကြိုးစားခဲ့သော်လည်း ထိုစဉ်က ကိုယ်ရေးကိုယ်တာ အခက်အခဲများကြောင့် အခွင့်အလမ်းမရခဲ့၍ စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်နေသည့် ဝန်ထမ်းများ ရှိနေကြသည်။
အချို့လည်း CDM ပြုလုပ်ပြီး ကာလရှည်ကြာလာသည့်အခါတွင် မရပ်တည်နိုင်တော့၍ စစ်ကောင်စီလက်အောက် ပြန်ရောက်သွားသူများလည်း ရှိကြသည်။
စစ်ကောင်စီကို လက်နက်ကိုင်ပြီး မတော်လှန်သော်လည်း မြန်မာ့နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်လိုစိတ်ဖြင့် အစိုးရဝန်ထမ်းဘဝမှ CDM ပြုလုပ်ခဲ့သည့် အထဲတွင် မမျိုးမျိုးခင်က လက်ရှိအချိန်ထိ ကြံ့ကြံ့ခံ ရပ်တည်လျက်ရှိနေသည်။
“အခုကာလမှာ ဝင်ငွေမရှိဘဲ ရပ်တည်ဖို့က လုံးဝကို မလွယ်ဘူး။ လူနေမှု ပုံစံတွေလည်း ဆုံးရှုံးသွားတယ်။ စစ်ကောင်စီအောက် အလုပ်ပြန်လုပ်နေတာတွေလည်း သိနေရတယ်။ စိတ်ထဲတမျိုးတော့ဖြစ်တယ်။ ငါတို့ရှုံးသွားပြီလားဆိုတာမျိုးပေါ့”ဟု မမျိုးမျိုးခင်က ပြောပြသည်။
ထိုကဲ့သို့ အခြေအနေများ ရှိနေသည့်အပြင် အမျိုးအဆွေများထဲတွင်ပင် ပုံမှန်လိုဖြစ်နေသည့် နေထိုင်ပြုမူခြင်းတွေကြောင့် မမျိုးမျိုးခင်တို့ ဇနီးမောင်နှံအတွက် သီးသန့်ဆန်သွားသည့် အခြေအနေကဲ့သို့ ဖြစ်ရသည်ဟု ၎င်း၏ ခံစားချက်ကို ပြောသည်။
မမျိုးမျိုးခင်သည် CDM ပြုလုပ်ပြီးကတည်းက ၎င်း၏ အမျိုးသားနှင့်အတူ မြန်မာပြည်တွင်းတွင်ပင် နေထိုင်နေရသည့်အတွက် သိုသိုဝှက်ဝှက်ဖြင့်သာ ရှိနေကြရသည်။ သို့သော်လည်း သူ၏ ယုံကြည်မှုနှင့် စိတ်ဓာတ်ကို မပြင်သည့်အပြင် အမျိုးသားဖြစ်သူကလည်း ပါရမီဖြည့်ဖက်အဖြစ် ရပ်တည်ပေးခဲ့သည်။
၂ နှစ်နီးပါးလောက် ကြံ့ကြံ့ခံကာ စစ်ကောင်စီကို မနာခံခြင်းနည်းဖြင့် တော်လှန်နေသည့် မမျိုးမျိုးခင်တစ်ယောက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စီးပွားရေးတို့တွင် အကျဘက် ရောက်နေသည်ကို သူကိုယ်တိုင်သိသော်လည်း ဆုံးဖြတ်ချက်မပြင်ဟု ဆိုသည်။
ခေတ်ပြန်ကောင်းလျှင် ကျောင်းဆရာမ အလုပ်ကို ပြန်လုပ်ရန် အားခဲထားသည့် မမျိုးမျိုးခင်က “အားလုံးလိုချင်နေတဲ့ အတိုင်းပဲပေါ့။ အကောင်းဘက်ကို မျှော်လင့်ထားတယ်။ တိုင်းပြည်အဆင်ပြေရင် ကိုယ်ပေးဆပ်ရတာ တန်ပါတယ်”ဟု ဆိုပြီး သူ၏ ယုံကြည်ချက်အတွက် အသီးအပွင့်တစ်ခုကို မျှော်လင့်ရင်း တက်ကြွမှုပြသသည့် စကားကို ဆိုလိုက်သည်။