“အာဏာသိမ်းတာ တစ်နှစ်ခွဲကျော်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အား ဘယ်လိုပြန်ယူလဲဆိုရင် ကျွန်တော်တို့လည်းလူပဲပေါ့။ အိမ်ရဲ့အဝေးမှာ လာနေနေရတာဖြစ်တဲ့အတွက်ကြောင့်ရယ်၊ ပြီးတော့ ကိုယ့်ရဲ့ ဘဝအမှန်မဟုတ်တဲ့ ဘဝတစ်ခုမှာ ရှင်သန်နေရတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါမျိုးတွေ ရှိတယ်။ လက်လျှော့ချင်လာတဲ့အခါမျိုးတွေရှိတယ်”
သူ့နာမည်က လင်းအန်ဇက် (Linn NZ)။ နာမည်က ထူးထူးခြားခြားနဲ့ ခေါ်ရတာတမျိုးလေး။ သူက ကရင်နီဒေသမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေနဲ့အတူ ဒုက္ခတွေကို အတူမျှဝေခံစားနေသူပါ။ အသက် (၂၄) နှစ်သာရှိသေးပြီး အညွန့်တလူလူနဲ့ ရှိနေပေမဲ့ ကရင်နီဒေသရဲ့ တောတွင်းတစ်နေရာမှာ ဘဝကို နှစ်မြှုပ်ထားပါတယ်။ သူ့မှာ တစ်ကိုယ်ရည်အတ္တနဲ့အတူ အနာဂတ်တွေရှိပေမဲ့ တော်လှန်ရေးကာလမှာတော့ သူ့ရဲ့ အတ္တတွေကို အဝေးဆုံးကိုတွန်းပို့ပြီး အနာဂတ်ဆိုတာကြီးကို ခဏတာ မေ့ပျောက်ထားရှာတယ်။ အာဏာ မသိမ်းကာလမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ ကိုယ်စီကိုယ်စီ အိပ်မက်လေးတွေရှိနေကြတယ်။ မင်းအောင်လှိုင် အာဏာကြူးလိုက်တဲ့အခါမှာတော့ အရာအားလုံး စိတ်ပျက်စရာအတိ ဖုံးလွှမ်းလို့သွားခဲ့ရတယ်။
“ကျွန်တော်က HOPE-The Humanitarian Organization ရဲ့ တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အဖွဲ့ရည်ရွယ်ချက်ကတော့ ကရင်နီဒေသက စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို သူတို့နဲ့အတူ မျှဝေပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ မျှော်လင့်ချက်တွေကို တတ်စွမ်းသ၍ မြို့ပေါ်က အကူအညီ၊ ပြည်ပက လူတွေရဲ့ အကူအညီကို ယူပြီးတော့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ကြားမှာ ပေါင်းကူးပေးနေပါတယ်”
လက်ရှိ ကရင်နီဒေသမှာ သူရဲ့လုပ်ဆောင်မှုတွေကို ပြောပြတဲ့အခါ HOPE အဖွဲ့ကနေပြီး တဝက်ဆိုင်လေးကို ဖွင့်ထားတယ်လို့ ဆိုပါတယ်။ အခုလို နိုင်ငံရဲ့ အကျပ်အတည်းကာလမှာ ကုန်စျေးနှုန်းဆိုတာက အရေးအကြီးဆုံးဖြစ်လို့လာပါတယ်။ ဒါတွေကို လတ်တလောအဖြေရှာနိုင်ဖို့အတွက် နည်းလမ်းကို သူတို့အဖွဲ့က ရှာကြပါတော့တယ်။
“အခုဆိုလို့ရှိရင် ကုန်စျေးနှုန်းတွေက အဆမတန်မြင့်တက်လာတယ်။ ဟိုးအရင်က ဆီသုံးဆယ်ကျပ်သားပါတဲ့ တစ်ဗူးကို ငွေရှစ်ရာနဲ့ ဝယ်လို့ရပေမယ့် အခုဆိုရင် အဲ့ဒီဆီတစ်ဗူးကို လေးထောင့်ငါးရာနဲ့ ဝယ်နေရပြီပေါ့နော့်။ ဒါက ဥပမာတစ်ခုပေါ့။ အဆမတန်မြင့်မားလာတဲ့ ကုန်စျေးနှုန်းတွေမှာ ဘာအခက်အခဲတွေဖြစ်လာလဲဆိုတော့ ကျွန်တော်တို့လိုမျိုး စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း အခက်အခဲတွေဖြစ်လာရတယ်”
ဒါကြောင့်လည်း ဆရာမလေး လင်းအန်ဇက် (Linn NZ) တို့အဖွဲ့ဟာ ပုံမှန် နှစ်ပတ်တစ်ကြိမ် အနည်းဆုံး စစ်ရှောင်စခန်းတွေဆီကို ရိက္ခာသွားထောက်နိုင်ခဲ့ရာမှ အခုတော့ အလှူငွေစီးဆင်းမှု နည်းလာတဲ့အပြင် တစ်ဘက်မှာ ကုန်စျေးနှုန်းတွေက အရမ်းမြင့်တက်လာတဲ့အခါ နှစ်ပတ်တစ်ကြိမ် ကူညီနိုင်တာမျိုးတွေ မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ မသွားနိုင်တော့ဘူး။ ကျွန်တော်တို့ Rotate လှည့်ဖို့တောင် ခက်လာတယ်။ ဘာဖြစ်လို့ဆိုရင် ကျွန်တော်တို့က ရိက္ခာတစ်ခါထောက်ပြီဆိုရင် အနည်းဆုံးတစ်ပတ်စာကိုတော့ ရအောင်ဖြည့်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံးတစ်ပတ်စာမှ မရရင် စစ်ရှောင်တွေအတွက်က အဆင်မပြေနိုင်ဘူး။ အခုလိုမျိုးကုန်စျေးနှုန်းတွေ တအားမြင့်လာပြီး ငွေစီးဆင်းမှုနည်းလာတဲ့အခါကျတော့ သူတို့တွေရဲ့ လိုအပ်ချက်တွေကို အချိန်မီဖြည့်ဖို့အတွက် အခက်အခဲတွေဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်းဖို့ နည်းမျိုးစုံ စဉ်းစားရတယ်။ စဉ်းစားရင်းနဲ့ ကျွန်တော်တို့ တဝက်ဆိုင်ဆိုတဲ့ အဖြေလေးက ဖြစ်လာတာပေါ့နော့်”
စကားပြောရင် “ကျွန်တော်” “ကျွန်တော်” နဲ့ ပြောတတ်တဲ့ ဆရာမလေး လင်းအန်ဇက် (Linn NZ) ဟာ အဆုံးသတ်စကားကို အပိတ်ပြောတဲ့အခါမှာလည်း “နော်” ဆိုတဲ့အစား “နော့်”ဆိုတဲ့ လေသံအတိုင်း ယဉ်ယဉ်ကျေးကျေးနဲ့ ပြောတတ်သူပါ။ တဝက်ဆိုင်လေးမှာတော့ ဘယ်ပစ္စည်းကို ယူယူ၊ မူရင်းစျေးရဲ့ တဝက်ကိုသာ ပေးရပါတယ်။ “ဒီဆိုင်ကလေးကို ကျွန်တော်တို့က ကရင်နီဒေသမှာ ရှိတဲ့ စစ်ဘေးရှောင် စခန်းတိုင်းမှာ လက်လှမ်းမီသလောက် တစ်ဆိုင်စီ ဖွင့်ပေးနိုင်ဖို့တော့ ရည်ရွယ်ထားပေမယ့် လက်ရှိမှာတော့ ရန်ပုံငွေအင်အားမလုံလောက်တဲ့အတွက် ကျွန်တော်တို့နဲ့နီးစပ်ရာပေါ့နော့်။ ကျွန်တော်တို့ ရိက္ခာအမြဲတမ်းသွားထောက်နေတဲ့ တကယ်လည်းခက်ခဲနေတဲ့အပြင် လမ်းကြီးနဲ့ဝေးတဲ့နေရောတစ်ခုမှာရှိတဲ့ နေရာမှာ တဝက်ဆိုင်လေးကို စပြီး ဖွင့်ထားပါတယ်”လို့ အသိပေးပါတယ်။
ဆရာမလေး လင်းအန်ဇက် (Linn NZ) တစ်ယောက် အဲ့ဒီလို တဝက်ဆိုင်ကလေးကို ဖွင့်လှစ်ထားပြီး စစ်ရှောင်တွေအတွက် ကူညီပေးနေသလို တစ်ဘက်မှာလည်း ဆရာဝန်တစ်ယောက်အဖြစ်နဲ့ သူ့ရဲ့ စီနီယာဆရာဝန်တွေနဲ့အတူ ကရင်နီဒေသမှာရှိတဲ့ ပြည်သူတွေကို ဆေးကုသပေးနေပါသေးတယ်။ မြေပြင်မှာ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေကိုလည်း နိုင်သလောက် အတိုင်းအတာနဲ့ ကြိုးစားပေးနေပြီး အဲ့ဒီလိုအခြေအနေမျိုးမှာပဲ စိန်ခေါ်မှုတစ်ခုကလည်း ရှိနေခဲ့ပါတယ်။
ဒီစိန်ခေါ်မှုကတော့ ဘာသာစကားအခက်အခဲပဲဖြစ်ပါတယ်။ စကားပြောဆို ချိတ်ဆက်ဆောင်ရွက်ရတဲ့နေရာတွေမှာ သိပ်ကို ခက်ခဲလွန်းပြီး မြန်မာစကားကို မပြောတတ်တဲ့ ဒေသခံတွေရှိနေတာကြောင့် ဆေးကုသရေးအပြင် အခြားသော ကိစ္စတွေမှာပါ အတော်လေး ကသီလင်တဖြစ်ရတယ်လို့ ဆိုပါတယ်။
“လွန်ခဲ့တဲ့ ငါးလ၊ ခြောက်လ လောက်က ဆိုလို့ရှိရင် ဟိုး လူသူအရောက်အပေါက်နည်းတဲ့ စစ်ဘေးရှောင်တွေရှိတဲ့ နေရာပေါ့နော့်။ အဲ့ဒီနေရာကို ရက်ရှည်ခရီးသွားပြီး ဆေးဆင်းကုကြတယ်။ အဲ့ဒီဒေသမှာဆိုရင် တရွာလုံးပေါင်းမှ အိမ်သာတစ်လုံးပဲရှိတယ်။ ရွာနီးနားအကုန်ပေါင်းမှ အိမ်သာက တစ်လုံးပဲရှိတယ်။ သူတို့ရဲ့ ကျန်းမာရေးအသိကလည်း အရမ်းနည်းတယ်။ နောက်တစ်ခုကျတော့ ဘာသာစကားပေါ့နော်။ မြန်မာစကားကို မပြောတတ်ကြဘူး။ သူတို့တိုင်းရင်းသားဘာသာစကားပဲ ပြောတတ်ကြတယ်။ တိုင်းရင်းသားဘာသာစကားနဲ့ ကျွန်တော်တို့ ကြားမှာ ဆက်သွယ်ရတဲ့ ဘာသာစကားကွာဟနေမှုက အရမ်းကြီးတယ်” လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ဒေသခံ သူနာပြုဆရာမ တချို့လည်း ပါတဲ့အတွက်ကြောင့် နားလည်သလောက် ဘာသာပြန်ပေးရတာတွေရှိပြီး ဆရာမလေး လင်းအန်ဇက် (Linn NZ) တို့ ရောက်ရှိသွားတဲ့နေရာမှာဆိုရင် ဘာသာစကားက တစ်မျိုးတည်းမဟုတ်ဘဲနဲ့ ဒေသိယ ဘာသာစကားကိုပါ ကွဲနေတာတွေရှိတယ်လို့လည်း သူရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။ ဒါကြောင့် တစ်နှစ်ကျော်လာတဲ့အထိတောင်မှ ဒေသခံတွေနဲ့ ပြောဆို ဆက်သွယ်ရတဲ့နေရာမှာ အခက်အခဲဖြစ်နေဆဲပဲလို့ သူက ပြောပြပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရင်းကနေ ကရင်နီဒေသဘက်ကို ကူညီဖို့ ရောက်ရှိသွားတဲ့ ဆရာမလေးတို့အဖွဲ့ဟာ ဘာသာစကားအပြင်ကို တခြားသော အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ကြရပါသေးတယ်။ ဒါကတော့ ဒေသခံတွေရဲ့ ဘာသာရေးယုံကြည်မှုတွေနဲ့ ကျန်းမာအရေးအသိပညာတွေကြားက ကွာဟချက်တွေပါ။
“နေရာတိုင်းမှာတော့ မဟုတ်ပေမယ့် တော်တော်များများက ဘာတွေတွေ့ရလဲဆိုတော့ ရိုးရာယုံကြည်မှု၊ ဘာသာရေးလို့ပဲပြောရမလားပေါ့နော့်။ ဥပမာဆိုလိုရှိရင် ကျွန်တော် စောစောနက ပြောခဲ့တဲ့ ကျွန်တော်တို့ သွားခဲ့တဲ့ ရွာမှာဆိုလို့ရှိရင် စစ်ဘေးရှောင် အမျိုးသမီးတွေကို ကျွန်တော်တို့က အမျိုးသမီးတွေကို သားဆက်ခြား ပညာပေးချင်တယ်။ စစ်ကလည်းပြေးရ၊ အလုပ်အကိုင်တွေကလည်းမရှိ၊ နေစရာကလည်း သတ်သတ်မှတ်မှတ်မရှိတော့ ဗိုက်ကြီးတကားကားနဲ့ဆို အမျိုးသမီးတစ်ယောက်အတွက်ရော၊ ကလေးအတွက်ရော အဆင်မပြောနိုင်ဘူးဆိုပြီး ကျွန်တော်တို့က သားဆက်ခြားပညာပေးတာလုပ်တယ်။ ဒါပေမဲ့ တချို့ရွာတွေက အဲ့ဒါကို လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက်က ကလေးဆိုတာ ဘုရားကပေးတဲ့ဆုပေါ့နော့်။ အဲ့ဒါကြီးကို တားတယ်ဆိုတာ သူတို့ ဘယ်လိုမှကို လက်ခံနိုင်စရာအကြောင်းမရှိဘူးဆိုတယ်။ တချို့ဆိုလို့ရှိရင် လုံးဝ ခါးခါးသီးသီးကို လက်မခံတာမျိုးတွေရှိတယ်”လို့ ပြောပြပါတယ်။
အခက်အခဲပေါင်းစုံကြားမှာ ဆရာမလေး လင်းအန်ဇက် (Linn NZ) တို့အဖွဲ့ဟာ အဖြေရှာကြိုးပမ်းပြီး ဖြတ်သန်းနေပေမဲ့ တစ်ခါတလေမှာလည်း ဒေသခံတွေနဲ့ အတူနေရင်းကနေ သူတို့ရဲ့ ဝမ်းနည်းစရာ၊ ဝမ်းသာစရာတွေနဲ့ စိတ်အားထက်သန်မှုတွေကို အတူတကွ မျှဝေခံစားတတ်ကြပြန်ပါသေးတယ်။ “မြေပြင်မှာ ကျွန်တော် ကူညီနေရတဲ့ မိခင်တွေ၊ ကလေးငယ်တွေပေါ့နော့်။ သူတို့နဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေရှိတယ်။ စစ်ဘေးရှောင်နေရတဲ့ မိခင်တစ်ဦးပေါ့။ သူကကိုယ်ဝန်သည်တစ်ဦး။ သူရဲ့ အမျိုးသားက ကာကွယ်ရေးတပ်ထဲမှာ။ ကလေးလေးမမွေးခင်မှာဘဲ သူ့ယောက်ကျားက ကျသွားတယ်။ သူ့မှာ ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တယ်။ အဲ့လိုပဲ ကလေးလေးက မွေးထားတာ လသားပဲရှိသေးတယ်။ အမျိုးသားက ကာကွယ်ရေးတပ်ထဲမှာ ကျသွားတယ်။ အမျိုးသမီးမှာ ကလေးလသားအရွယ်လေးနဲ့ ကျန်ခဲ့တယ်။ အဲ့ဒီလို မိခင်တွေ အမျိုးသမီးတွေ ဒီဘက်မှာ အများကြီးပဲပေါ့နော့်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကတော့ အများကြီးပဲ”လို့ စိတ်မကောင်းစွာနဲ့ ပြောပါတယ်။
ဒီ့အပြင် ကရင်နီဒေသမှာရှိတဲ့ ကလေးငယ်လေးတွေဟာလည်း အရွယ်နဲ့ မလိုက်အောင် စစ်ရှောင်နေကြရသလို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေနဲ့ ဒုက္ခသုက္ခတွေကို ခံစားနေကြရပြန်ပါတယ်။ “ကလေးဆိုတဲ့ သဘောတရားအရ အရမ်းနုနယ်တယ်။ အရမ်းပုံသွင်းလို့ကောင်းပြီး တစ်ခုခုဆိုလို့ရှိရင် မှတ်သားလွယ်တဲ့ အရွယ်ပေါ့နော်။ လေယာဉ်တွေ လာတယ်။ ဗုံးတွေလာကြဲသွားတယ်။ လက်နက်ကြီးတွေ တဒုန်းဒုန်းပစ်တယ်။ အဲ့ဒီလိုအသံတွေနဲ့ သူတို့မှာ စစ်ဘေးရှောင်ရတဲ့အတွက် အရမ်းဆူတဲ့အသံတွေကို ကြုံလာပြီဆိုရင် လန့်ပြီး ငိုတာမျိုးတွေ၊ တက်သွားတာမျိုးတွေ ကလေးတွေမှာ ရှိတယ်”လို့ ဆရာမလေးက သူ့ရဲ့ အတွေ့အကြုံကို ဝေမျှပါတယ်။
လွန်ခဲ့တဲ့ နှစ်လတုန်းက သူတို့ စစ်ဘေးရှောင်နေတဲ့ နေရာတစ်ခုကို လက်နက်ကြီးကျတဲ့အခါ ကလေးငယ်တစ်ဦးရဲ့ အဘွားဖြစ်သူခြေထောက်ကို ထိသွားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဘွားရဲ့ ဘေးမှာ ဆော့ကစားနေတဲ့ အဲ့ဒီကလေးငယ်ဟာ ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ပေမဲ့ အစလေးတွေလောက်တော့ မှန်သွားခဲ့ပါတယ်။ “ကျွန်တော်ဆေးထည့်ပေးမလို့ ဆေးထိုးပေးမလို့ လုပ်တဲ့အခါမှာ ကလေးလေးက ဘယ်သူ့ကိုမှ အနားအကပ်မခံဘူး။ သူ့အဘွားနားမှာပဲ နေပြီးတော့ကို ဘယ်သူမှ အနားအကပ်မခံဘူး။ ခေါ်လို့လည်းမရဘူး။ ကျွန်တော်တို့ သူ့ကို ဆေးထည့်ပေးဖို့ တော်တော်ကြီးကို ကြိုးစားလိုက်ရတယ်။ နောက်နှစ်ရက်လောက်အထိ ဘယ်သူ့ကိုမှ အနားအကပ်မခံဘူး။ အသံအရမ်းဆူတာဆို သူလုံးဝမရဘူး။ အရမ်းအော်ငိုတယ်။ ဒါကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေပေါ့နော့်”လို့ ဆရာမလေးက ပြောပြပါတယ်။ အခုတော်လှန်ရေးကြီး ပြီးသွားခဲ့ရင်တောင်မှ ဒီအခြေအနေတွေဟာ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ ဒဏ်ရာအဖြစ်နဲ့ ကျန်သွားပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက် ရင်လေးမိကြောင်းကိုလည်း ဆရာမလေးက ပြောပြပါတယ်။
“နောက် စိတ်မကောင်းဖြစ်စရာတစ်ခုက ကလေးငယ်ငယ်လေးတွေက ဘာလုပ်တိုင်းဆော့လဲဆိုတော့ သုံးနှစ်၊ လေးနှစ်အရွယ်ကလေးတွေက သေနတ်ပစ်တိုင်း စစ်တိုက်တိုင်းဆော့ကြတယ်။ တစ်ယောက်က သေနတ်နဲ့ ပစ်လိုက်ရင် တစ်ယောက်က ကျသွားတာမျိုး၊ လေယာဉ်နဲ့ ဗုံးလာကြဲရင် ဗုံးခိုကျင်းထဲမှာ ဝပ်တဲ့ပုံစံမျိုး၊ အဲ့ဒီလို ကစားနည်းတွေကို ဆော့ကြတယ်။ ပုံမှန်ကြည့်ရင်တော့ ဒါကလေးတွေဆော့တာပဲဆိုပေမယ့် ဒါက ဘယ်လိုမှကို သူတို့အတွက် မကောင်းဘူး။ မြင်နေရတဲ့သူတွေအတွက်လည်း ကလေးတွေဟာ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်လောက်တောင်မှ စွဲနေတဲ့ အရာတွေဖြစ်နေမလဲဆိုတာ သိသာတယ်”လို့ ပြောပြပါတယ်။
တစ်ဘက်မှာလည်း ကရင်နီ စစ်ရှောင်စခန်းတွေမှာရှိနေတဲ့ မိခင်နဲ့ကလေးတွေဟာ အာဟာရကောင်းကောင်းမွန်မွန်မရကြဘဲ ခက်ခဲနေကြပါတယ်။ ဒီအခက်အခဲတွေကြောင့်ပဲ ကလေးမွေးတဲ့အခါမှာ မွေးလာတဲ့ကလေးက ပေါင်ချိန် မပြည့်တာမျိုးတွေ၊ မွေးပြီးသားကလေးတွေဆိုရင်လည်း အာဟာရ မရကြလို့ အဟာရချို့တဲ့တဲ့ လက္ခဏာတွေ အများကြီးရှိနေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ဟိုးတစ်နေ့က ကျွန်တော် စစ်ရှောင်စခန်းတစ်ခုသွားတယ်။ ကလေးက ထမင်းစားနေတယ်။ ဘာနဲ့စားနေလဲဆိုတော့ ထမင်းရယ်၊ ဂေါ်ရခါးသီးပြုတ်ရယ်စားနေတာ။ အဲ့ဒါနဲ့ ကျွန်တော်က မေမေရယ် ဂေါ်ရခါးသီးရှိမှ ကြော်ကျွေးလိုက်ပါလားဆိုတော့။ ဆရာမရယ်တဲ့ ဆီလည်း မရှိဘူးတဲ့ပြန်ဖြေတယ်။ ကြက်သွန်နီလည်းမရှိဘူးတဲ့။ ကျမတို့ကြော်လို့မရဘူးတဲ့။ အဲ့ဒီတော့ ကလေးကို ထမင်းနဲ့ ဂေါ်ရခါးသီးပြုတ်နဲ့ ကျွေးနေတယ်။ ဘယ်လိုမှ အဟာရရမှာမဟုတ်ဘူးလေ။ နောက်တစ်ခုက ဘာပြဿနာရှိလဲဆိုတော့ ကလေးတွေက ကာကွယ်ဆေး မထိုးရဘူး။ စစ်အာဏာသိမ်းတာက တစ်နှစ်ကျော် ၂ နှစ်ရှိလာပြီဆိုတဲ့အနေအထားမှာ ကလေးတွေက ကာကွယ်ဆေးတွေ အရမ်းလွတ်တယ်ပေါ့နော့်။ မထိုးရတဲ့အတွက်ကြောင့် ကလေးတွေရဲ့ နောက်ဆက်တွဲက မတွေးရဲစရာပဲ။ စစ်အာဏာသိမ်းခြင်းက မိခင်နဲ့ ကလေးတွေအတွက်တော့ တော်တော်ကြီးကို ထိခိုက်မှုရှိတယ်။ အဲ့ဒီထိခိုက်မှုက တော်လှန်ရေးအောင်သွားရင်တောင် effect က တော်တော်ကြီး ကျန်နေမှာပါ” လို့ ရှင်းပြပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတွေအပြင် ရဲဘော်အမျိုးသမီးတွေအတွက်လည်း ခက်ခဲမှုတွေက နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရပါတယ်။ စစ်ရှာင်စခန်းတွေ၊ ရဲဘော်အမျိုးသမီးတွေ နေတဲ့စခန်းတွေမှာ သန့်ရှင်းမှုတွေ မရှိတဲ့အတွက် ကျန်းမာရေးအန္တရာယ်က ဒုက္ခတစ်ခုလို ဖြစ်နေရပြန်ပါတယ်။ ဆေးရုံဆေးခန်းတွေက အလှမ်းဝေးတဲ့အတွက်ကြောင့် ဆရာမလေးတို့အဖွဲ့ကပဲ တတ်နိုင်သလောက် ကြိုးပမ်းကုသပေးရပါတယ်။
“ဒီဘက်မှာက ရေရှားတယ်။ ရေရှားတဲ့အတွက် ရေကို စိတ်ကြိုက်သုံးလို့မရဘူး။ နောက်တစ်ခုက သုံးရတဲ့ရေကလည်း မသန့်တဲ့အတွက် အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ကြတယ်။ ကျွန်တော့်ဆီ ဆေးခန်းလာပြတဲ့ အမျိုးသမီးအများစုဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာတွေနဲ့ ဆေးခန်းလာပြကြရတာများတယ်။ နောက်တစ်ခုကကျတော့ မျိုးဆက်ပျံ့ပွားရေး၊ အခုဆို စစ်ရှောင်စခန်းတွေ သွားလိုက်ပြီဆိုရင် ဗိုက်တွေနဲ့ ဘုစုခရုတွေနဲ့ အဲ့လိုပေါ့နော်။ သားဆက်ခြားခြင်းနည်းလမ်းတွေကို မသိတာရော။ သိရင်တောင်မှ သူတို့မှာ အဲ့ဒါကို အသုံးပြုဖို့အတွက် အဆင်မပြေနေတာတွေလည်းရှိတယ်။ အသုံးမပြုဖို့ အဆင်မပြေတာတွေက ဘာတွေလဲဆိုတော့ ဆေးရုံ၊ ဆေးခန်းတွေဆီကို လာဖို့မလွယ်တာပေါ့နော့်။ တချို့နေရာတွေကကျတော့ ဆေးရုံဆေးခန်းနဲ့ နီးတဲ့ စစ်ရှောင် Camp တွေရှိတယ်။ တချို့နေရာတွေကျတော့ ဆေးရုံဆေးခန်းနဲ့ ဝေးတယ်။ ဝေးတော့ ဆေးရုံဆေးခန်းတွေရှိတဲ့ နေရာကို လာမယ်ဆိုရင် သူတို့မှာ ဆိုင်ကယ်နဲ့ လာမယ်ဆိုရင်လည်း ဆီဖိုးကုန်တယ်။ အဲ့ဒီ စရိတ်စကတွေရှိတော့ ဆေးရုံဆေးခန်းနဲ့ လက်လှမ်းမမီတဲ့ သူတွေကျတော့ မိုဘိုင်းသွားတဲ့အဖွဲ့တွေကိုပဲ အားကိုးကြရတယ်”လို့ ပြောပြပါတယ်။
မိုဘိုင်းသွားရတဲ့သူတွေမှာလည်း စစ်ရှောင်စခန်းတွေက အများကြီးဖြစ်နေတဲ့အတွက် တစ်ခုနဲ့တစ်ခုအလျင်မီအောင် သွားနိုင်ဖို့ မလွယ်ကူဘဲ ရှိနေပါတယ်။ သားဆက်ခြားဖို့အတွက် အကူအညီပစ္စည်းတွေကို အသုံးပြုရမယ်ဆိုတာကို သိနေရင်တောင်မှ မရတဲ့အနေအထားတွေဖြစ်ပေါ်နေတာပါ။ ဒါပေမဲ့လည်း ဆရာမလေးတို့အဖွဲ့ဟာ လက်လှမ်းမီသလောက် တတ်နိုင်သလောက်ကြိုးပမ်းပေးပြီး ကူညီဆောင်ရွက်နေကြပါတယ်။
“စစ်ရှောင်စခန်းတွေ သွားတိုင်း အိမ်ထောင်သည်အမျိုးသမီးတွေကို ခေါ်ပြီး စကားပြောတယ်။ သားဆက်ခြားခြင်းနဲ့ ပတ်သက်လို့ အသိပညာတွေ ပေးတယ်။ သားဆက်ခြားနည်းကို သုံးနေတဲ့သူဆိုရင်လည်း မှန်မှန်ကန်ကန် ဆက်သုံးသွားအောင်ပေါ့နော်။ လုံးဝမသုံးရသေးဘူး။ သုံးချင်တယ်ဆိုလို့ရှိရင်လည်း ဘယ်အရာတွေကို ရွေးချယ်လို့ရတယ်။ ဘယ်အရာတွေသုံးလို့ရသလဲဆိုတာရယ်၊ ကျွန်တော်တို့ဆီမှာ ဘာတွေရနိုင်လဲဆိုတာရယ်။ သားဆက်ခြားခြင်း အသိပေးတာနဲ့ပတ်သက်လို့ Hope ကနေပြီး ခွန်အားစိုက်ထုတ်ပြီး ကြိုးစားနေတယ်”လို့ အသိပေးပါတယ်။
လက်ရှိမှာ အာဏာသိမ်းကာလဟာ တစ်နှစ်ခွဲကျော်လွန်လာပြီဖြစ်သလို အန္တရာယ်များပြီး ဒုက္ခများတဲ့ နေရာမှာရှိနေပေမဲ့ စိတ်ဓာတ်အတက်အကျဖြစ်မှုတွေကို အကောင်းဆုံးကျော်ဖြတ်နေတယ်လို့ ဆရာမလေး လင်းအန်ဇက် (Linn NZ) က ပြောပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကသာ အဓိကဖြစ်နေတဲ့အတွက် အခုလို မောပန်းမှုတွေကို မမှုနိုင်ဘဲ ဖြတ်သန်းနေခဲ့တာပါ။
“အာဏာသိမ်းတာ တစ်နှစ်ခွဲကျော်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အား ဘယ်လိုပြန်ယူလဲဆိုရင် ကျွန်တော်တို့လည်းလူပဲပေါ့။ အိမ်ရဲ့အဝေးမှာ လာနေနေရတာဖြစ်တဲ့အတွက်ကြောင့်ရယ်၊ ပြီးတော့ ကိုယ့်ရဲ့ ဘဝအမှန်မဟုတ်တဲ့ ဘဝတစ်ခုမှာ ရှင်သန်နေရတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါမျိုးတွေ ရှိတယ်။ လက်လျှော့ချင်လာတဲ့အခါမျိုးတွေရှိတယ်။ အဲ့လိုဖြစ်လာတဲ့အခါတိုင်းမှာ ကျွန်တော့်ဘေးနားက စစ်ဘေးရှောင်မိသားစုတွေ၊ ဒုက္ခတွေကြုံနေရတဲ့သူတွေကို ကြည့်တယ်။ သူတို့ဆို စစ်ရဲ့ ဒဏ်ကို ခံလာရတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းဆယ်နဲ့ချီကြာကနေ အခုထိကို အသားမကျနိုင်သေးဘူး။ အခုထိလည်း သူတို့မှာ ခံစားနေရတုန်းပဲ”လို့ လက်ရှိသူ့ရဲ့ အခြေအနေကို ကျေနပ်ပြီး နေနေရပုံကို ရှင်းပြပါတယ်။
“အမှတ်တရပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီဘက်မှာ စစ်ဘေးရှောင်တွေ ဖွင့်ထားတဲ့ ဆန်ခေါက်ဆွဲတို့ ရိုးရာ အစားအစာတွေ ရောင်းတဲ့ဆိုင်တွေရှိတယ်။ အဲ့ဒီဆိုင်မှာ သွားစားတော့ အဲ့ဒီက အမိုးနဲ့ စကားပြောဖြစ်တယ်။ ဘာပြောပြလဲဆိုတော့ စစ်ဖြစ်တဲ့ဆီမှာ ကျန်ရစ်ခဲ့တဲ့ သူ့အိမ်ပေါ့နော့်။ အဲ့ဒီတုန်းကဆိုရင် ရုတ်တရက်ကြီး ကျည်တွေက သူ့အိမ်ကို ကျလာတယ်။ သူမှာဘာပစ္စည်းမှ ယူချိန်မရှိဘဲနဲ့ အနီးနားမှာရှိတဲ့ ပစ္စည်းကောက်ယူပြီးတော့ ထွက်ပြေးလာရတာ အခုထိပဲပေါ့နော့်။ အဲ့ဒီအိမ်ကိုလည်း သူအခုထိ ပြန်မကြည့်နိုင်တော့ဘူး။ အခုအိမ်တောင် ရှိသေးရဲ့လားပေါ့။ ကျွန်တော်က သူ့ကိုမေးတယ်။ အမိုးပေါ့။ စိတ်ဓာတ်ကျလားပေါ့။ အိမ်ပြန်ချင်လားပေါ့။ အခုဒီလိုမျိုးစစ်ဖြစ်နေတာကို ရပ်စေချင်လားပေါ့။ သူ့ကိုမေးတော့ သူက ဘာပြန်ပြောလဲဆိုတော့ အိမ်တော့ပြန်ချင်တာပေါ့တဲ့။ ဒါပေမဲ့ စိတ်ဓာတ်မကျဘူးတဲ့ ဘာဖြစ်လို့လဲဆိုတာ့ သူတို့မှာ ဒီဟာကြီးကို ခံစားလာရတာ နှစ်ပေါင်းအစဉ်အဆက်ကြာပြီ။ အခုသူ့ရဲ့မြေးလေးရှိတယ်။ အခုဆိုသုံးနှစ်။ သူ့မြေးလေးအလှည့်ကျလို့ရှိရင်လည်း ဒီဟာတွေကို မခံစားစေချင်တော့ဘူးပေါ့။ ဒီဟာကြီးက အမြစ်ပြတ်မှဖြစ်မယ်။ အမိုးတို့ ဒီအိမ်ကို ပေးလိုက်ရလည်း ဘာမှမဖြစ်ဘူး။ အမိုးတို့ ဒီစစ်အာဏာသိမ်းမှု ပြီးသွားလို့ အမိုးတို့ မျှော်လင့်တဲ့ အနေအထားတစ်ခုကို ရောက်လို့ရှိရင် ဒီအရာတွေအကုန်လုံးက အမိုးတို့အားပြန်တင်းပြီးတော့ ပြန်ကြိုးစားလို့ ရတယ်ပေါ့”ဆိုပြီး ပြောပြကြောင်း ဆရာမလေးက ပြန်ပြောင်းပြောပြပါတယ်။
အမိုးအနေနဲ့ အသက်တွေကို စွန့်လွှတ်ပြီးတော့ တိုက်ပေးနေတဲ့ သားအရွယ်တွေ၊ မြေးအရွယ်တွေကို ပိုပြီး အားတုံ့အားနာဖြစ်နေရှာပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း စိတ်ဓာတ်ကျမှုဆိုတာ သူတို့ရဲ့ အဝေးဆုံးမှာပါ။ “အဲ့ဒီစကားက ကျွန်တော့်နားမှာ အခုထိ စွဲနေတာ။ တကယ့်ကို အိမ်တွေ၊ ကိုယ့်ရဲ့သားသမီးအသက်တွေ ရင်းထားရတဲ့ သူတွေတောင်မှ စိတ်ဓာတ်က မာနေသေးတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကရော ဘာလို့ ရှေ့ဆက်ဖို့အတွက် စိတ်ခွန်အား မရှိမှာလဲပေါ့။ ကျွန်တော်စိတ်ဓာတ်ကျပြီဆိုလို့ရှိရင် အမိုးပြောတဲ့ စကားလေးကို အမြဲတမ်း ကြားယောင်တယ်။ ကိုယ့်ဘေးနားမှာရှိနေတဲ့ ဒုက္ခခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကြည့်ပြီးအားယူတယ်”လို့ ဆရာမလေးက သူရဲ့ ခံစားချက်ကို ပြောပြပါတယ်။
အာဏာသိမ်းကာလမှာ စစ်အာဏာရှင်အမြစ်ပြုတ်ရေး တော်လှန်နေကြတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကလည်း အမျိုးသားတွေထက် မနိမ့်ပါဘူး။ ခေတ်ဆက်ဆက်မှာ အမျိုးသမီးလို့ဆိုရင် အားနည်းတတ်ကြတယ်ဆိုတဲ့ အသိတွေဟာ အခုကာလမှာ အမြင်တွေတော်တော်လေး ပြောင်းလဲသွားကြပါပြီ။ ရှေ့တန်းစစ်မြေပြင်မှာ လက်နက်ကိုင်တော်လှန်နေသူတွေ၊ ရှေ့တန်းစစ်မြေပြင်မှာ ဆေးကုပေးနေတဲ့သူတွေ စတဲ့ ကျရာနေရာက အမျိုးသမီးတွေရဲ့ ပါဝင်နေမှုတွေဟာ အားရစရာကောင်းလှပါတယ်။
“ကျွန်တော်တို့ အမျိုးသမီးတွေက သတ္တိရှိကြတယ်။ ပြတ်သားကြတယ်။ ပုခက်လွှဲတဲ့လက်ပိုင်ရှင်တွေဆိုတော့ တစ်ခုခုဆိုရင် လူတွေကပြောတယ်။ အမျိုးသမီးဆိုရင် အားပျော့မှာပဲပေါ့။ အမျိုးသမီးဆိုလို့ရှိရင် အားနည်းမှာပဲပေါ့။ မှန်တယ်။ ကျွန်တော်တို့ဆီမှာ hard power မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ Soft Power ရှိတယ်။ ကျွန်တော်တို့က တစ်ခုခုကို သံဓိဌာန်ချလိုက်ရင် အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က စိတ်ပြတ်တယ်။ ကျွန်တော်တို့ မဖြစ်ဖြစ်အောင်လုပ်ကြတယ်။ အမျိုးသမီးတိုင်း မိခင်တိုင်းပဲပေါ့။ အခုဒီတော်လှန်ရေးမှာဆိုလို့ရှိရင်လည်း ကျွန်တော်ရောက်နေတဲ့ နေရာမှာပေါ့နော့်။ တော်လှန်ရေးမှာပါနေတဲ့ အမျိုးသမီးငယ်လေးတွေ အများကြီးပဲ။ သူတို့ကို ကြည့်လိုက်ရင် လုံးဝ နုနုဖပ်ဖပ်လှလှလေးတွေ။ ဒါပေမဲ့ သူတို့တွေက လက်နက်ကိုင်ပြီး ရှေ့တန်းထွက်နေကြတယ်။ တချို့သူနာပြုဆရာမလေးတွေရှိတယ်။ ဘာလုပ်နေလဲဆိုရင် သေနတ်ကိုင်ပြီး ရှေ့တန်းထွက်တယ်။ မကြောက်မလန့် ဆေးအိတ်လွယ်ပြီး ရှေ့တန်းကို ဆေးလိုက်ကုတယ်။ ရဲရင့်တဲ့ အမျိုးသမီးလေးတွေ အများကြီးပဲ”လို့ ဆရာမလေးက ဆက်လက်ပြောပြပါတယ်။
အခုအာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပေါ်ပြီးမှ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ အတွေးတွေ၊ ထင်မြင်ယူဆချက်တွေနဲ့ ရပ်တည်ချက်တွေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပေမဲ့ တကယ်တမ်းတော့ စစ်ရဲ့ ဆိုးရွားတဲ့ထိခိုက်မှုတွေကို တိုင်းရင်းသားတော်တော်များများက အတိတ်မှာ ခံစားကြရပြီးဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ တိုင်းရင်းသားတွေဟာ လက်နက်ကိုင်ခဲ့ကြပြီး ဖက်ဒရယ်လွတ်လပ်ခွင့်ကို အလိုရှိခဲ့ကြပါတယ်။ တရားမျှတပြီးလွတ်လပ်တဲ့ ဘဝကို အလိုရှိခဲ့လို့ တိုင်းရင်းသားတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းပြီး ယုံကြည်ရာကို သစ္စာပြုခဲ့တာပါ။
“ဖက်ဒရယ်ဆိုတာကြီးကို ရဖို့အတွက် တိုင်းရင်းသားတွေလက်နက်ကိုင်ကြတယ်။ ကျွန်တော်တို့လည်း ဒီအကြောင်းတွေကို နွေဦးတော်လှန်ရေးဖြစ်ခါမှ တိုင်းရင်းသားတွေ ခံစားရတဲ့အရာတွေကို ကိုယ်ချင်းစာနိုင်ခဲ့တာ။ ဟိုးအရင့်အရင်ကတည်းက တောင်တန်းနဲ့ ပြည်မက အရမ်းကို ခွဲခြားခံထားရတယ်။ ပြည်မကလူတွေက အခွင့်ထူးခံတွေပေ့ါ။ တောင်တန်းဒေသကလူတွေကကျတော့ အရမ်းဖိနှပ်ခံရတယ်။ သူတို့ရဲ့ ဘဝတွေ၊ သူတို့ရဲ့ အနာဂတ်တွေက အရမ်းဖိနှပ်ခံထားရတယ်။ တိုးတက်မှုအရမ်းနှေးကွေးတယ်။ သူတို့မှာ စစ်တပ်ရဲ့ ဒဏ်ကို အရမ်းခံရတယ်”လို့ ဆရာမလေးက ပြောရှာတယ်။
ဘာကြောင့် သူအခုလို ပြောနိုင်နေရသလဲဆိုရင် သူရောက်ရှိနေတဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတွေက တိုင်းရင်းသားတွေဟာ ပြည်မက လာတဲ့သူတွေကိုဆို သိပ်ကို ကြောက်ရွံ့ကြလို့ပါပဲ။ “သူတို့က ပြည်မကသူတွေဆို အခုထိကြောက်ကြတုန်း။ ပြည်မသူတွေကို ဘယ်လိုခေါ်လဲဆိုရင် ကသန်(စာလုံးပေါင်းကွဲလွဲနိုင်) လို့ခေါ်တယ်။ ကသန်ဆိုတာ စစ်တပ်တွေကို ခေါ်တာ ဗမာတွေပေါ့။ သူတို့ဟိုးအရင် အဆက်ဆက်က သူတို့ဆီမှာရောက်တာက စစ်တပ်တွေပဲရောက်တာ။ အဲ့ဒီစစ်တပ်တွေကလည်း သူတို့အပေါ်မကောင်းဘူး။ မီးရှို့တယ်။ ဖျက်ဆီးတယ်။ ပြဿနာတွေရှာတယ်။ သူတို့က ဘာဖြစ်လဲဆိုတော့ စစ်တပ်ကို အရမ်းကြောက်တယ်။ စစ်တပ်ဗမာတွေ၊ ဗာမတွေကို ကသန်လို့ခေါ်တယ်။ အဲ့ဒီတော့ စစ်တပ်ဆိုတာ ကသန်၊ ကသန်ဆိုတာစစ်တပ်။ တပြေးထဲပဲ သတ်မှတ်ထားကြတာ။ အခုထိတောင်မှ တချို့ရွာတွေဆိုရင် ဗမာလို့ပြောလို့ရှိရင် မျက်စိမျက်နှာပျက်သွားတာတွေရှိတယ်”လို့ ဆရာမလေးက သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။
အဲ့ဒီလို အခြေအနေတွေကြောင့်ပဲ ဆရာမလေးတို့အဖွဲ့ဟာ သွားကူညီတဲ့နေရာမျိုးကိုရောက်ရင် ဒေသခံတွေကို စိတ်ကျေနပ်အောင် ရှင်းပြရပြီး အခက်အခက်တွေကို ဖြေရှင်းရတယ်လို့ ဆိုပါတယ်။ “ ကျွန်တော်တို့မှာ ဘာလုပ်ရလဲဆိုရင် ဒေသခံတစ်ယောက်နဲ့ သူတို့ကို နိုင်ငံရေး အကြောင်းလေးတွေပြောရတယ်။ ကျွန်တော်တို့က ကူညီဖို့ရောက်လာတာဆိုတာကို ပြောပြရတယ်။ အဲ့ဒီလိုအနေအထားလေးတွေရှိတယ်ပေါ့နော်။ ဒါ စစ်တပ်ရဲ့ ဒီ တိုင်းရင်းသားတွေအပေါ် သက်ရောက်မှုပေါ့။ တိုင်းရင်းသားတွေက စစ်တပ်ကို မြင်တဲ့အမြင်ပေါ့နော်”လို့ ဆက်လက်ပြောပြပါတယ်။
အသက် (၂၄) အရွယ်မှာ ဆရာမလေး လင်းအန်ဇက်(Linn NZ) တစ်ယောက် နိုင်ငံရေးရေစီး ကပြောင်းဖြစ်မှုကြောင့် စာနာနားလည်မှုတစ်ခုကို ရရှိခဲ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုမှာ အဆိုးထဲက အကောင်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ တိုင်းရင်းသားတွေအပေါ် စာနနားလည်နိုင်မှုကြီးမားခဲ့ရသလို အတိတ်မှာ တိုင်းရင်းသားတွေခံစားခဲ့ရတဲ့ ဒုက္ခတွေကိုပါ တွေးမိရင်း နာကျင်ခဲ့ရပါတော့တယ်။
“အခုဖြစ်နေတဲ့ ပြဿနာတွေအားလုံးက တစ်ကိုယ်ကောင်းဆန်တဲ့ စစ်အာဏာရှင် လူတစ်စုကြောင့် ဖြစ်နေရတာလေနော့်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကြောင့် ဒီအာဏာရှင်စိတ်ဓာတ်ကြောင့် ကျွန်တော်တို့ အခုလို ပြဿနာတွေ ဖြစ်နေကြတာပေါ့နော့်”လို့ ဆရာမလေးက ပြောပြပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဆရာမလေးက နွေဦးတော်လှန်ရေးအတွက် အဆုံးထိတိုင် တိုက်ပွဲဝင်ရင်း နိုင်ရာတာဝန်ကို ထမ်းသွားမယ်လို့ အသိပေးပါတယ်။ သူရဲ့ ခံယူချက်တွေဟာ အများနည်းတူတိုင်းပဲ ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။
“ဒီစနစ်က ကျွန်တော်တို့ခေတ်မှာ အမြစ်ပြတ်ခါမှဖြစ်မယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေ နောင်လာမယ့် ကလေးလေးတွေ သူတို့အတွက်စစ်မှန်ကောင်းမွန်တဲ့ အနာဂတ်တွေ၊ လူ့အခွင့်အရေးတွေကို ရမယ်ပေါ့နော့်။ ကျွန်တော်တို့ဆိုရင် အမှောင်ခေတ်မှာ မွေးပြီးတော့ အမှောင်ခေတ်မှာ ကြီးပြင်းလာရတဲ့ လူငယ်တွေပေါ့နော်။ ဒါတောင်မှ ကျွန်တော်တို့က မီလိုက်ပါသေးတယ်။ ကူးပြောင်းရေးကာလတွေကို မီလိုက်ပါသေးတယ်။ ခေတ်ကာလနှစ်ခုကို မီလိုက်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဘာဖြစ်လဲဆိုတော့ စစ်အာဏာသိမ်းမှုကို ကျွန်တော်တို့ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ အနာဂတ်တွေက လုံးဝကြီးကို တစ်စတစ်စနဲ့ ချိုးဖောက်ခံနေရတယ်။ အဲ့ဒါကို ကျွန်တော်တို့က ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ အဲ့ဒီအတွက်ကြောင့် ကျွန်တော့်ရဲ့ နောက်ဆုံး အထိ ခံယူထားတဲ့ ခံယူချက်က ကျွန်တော်တို့ရဲ့ခေတ်မှာ စစ်အာဏာရှင်က လုံးဝအပြီးတိုင် အမြစ်ပြတ်ရမယ်။ အမြစ်ပြတ်ကိုပြတ်မှရမယ်”လို့ မာန်ပါပါနဲ့ ပြောပြခဲ့ပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားတာဆိုရင် ၁ နှစ်ခွဲကျော်လို့ ၂ နှစ်နီးပါးကို ရောက်ရှိလာတော့မှာပါ။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေအားလုံးဟာလည်း အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် အကျပ်အတည်းဆုံးဖြစ်နေတဲ့အခြေအနေကို ရောက်ရှိလို့နေပါတယ်။ ဒီထဲမှာ CDM သမားတွေရဲ့ ရပ်တည်နိုင်မှုကလည်း ပိုပိုပြီးဆိုးရွားလာတဲ့အခြေအနေကို တွေ့မြင်လာရပါတယ်။
“မြို့ပေါ်မှာလည်း ခက်ခဲနေတဲ့ CDM တွေ အများကြီးရှိတယ်။ သတင်းထဲမှာလည်းတွေ့တယ်။ CDM တစ်ယောက်အဆုံးစီရင်သွားတယ်ဆိုတာကို။ အဲ့ဒါတွေဖတ်ရတဲ့အခါမှာ ကျွန်တော်တို့ တကယ်ကို စိတ်မကောင်းဘူး။ ကျွန်တော်တို့လည်း တာဝန်မကျေဘူးလို့ပဲ ဝန်ခံရမှာပေါ့နော်။ ဆန္ဒပြပွဲမှာတုန်းက အော်ခဲ့ကြတယ်။ အိမ်မှာပဲဇိမ်နဲ့နေပါ။ CDM ပဲလုပ်ကြပါဆိုပြီး ကျွန်တော်တို့ အော်ခဲ့ကြတယ်ပေါ့နော့်။ ဒါပေမဲ့အဲဒါကို ကျွန်တော်တို့ ဖြည့်ဖို့ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့တစ်ဘက်ကကျတော့လည်း CDM တွေက ကျွန်တော်တို့က အဲ့ဒီလိုပြောလို့ CDM လုပ်တာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်ကလည်း ဓမ္မနဲ့ အဓမ္မကို ကောင်းမွန်စွာခွဲခြားသိတဲ့ ဦးနှောက်ရှိတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့အားလုံး CDM လုပ်ခဲ့ကြတယ်။ အခက်အခဲတွေ ရင်ဆိုင်နေရတာ၊ ပြဿနာတွေအများကြီးရှိတာကို သိတယ်။ တကယ်လည်း ကျေးဇူးတင်တယ်။ ဆက်ပြီးတော့လည်းအားတင်းပေးပါ”လို့လည်း အားပေးစကားဆိုခဲ့ပါသေးတယ်။
စစ်အာဏာရှင်ကျဆုံးရေးမှာ CDM တွေရဲ့ အခန်းကဏ္ဍက အတော်လေး အရေးပါအရာရောက်ခဲ့ပါတယ်။ အဦးဆုံး ရင်းခဲ့ကြတဲ့ CDM တွေက စံပြလိုဖြစ်ခဲ့ပြီး CDM တွေရဲ့ အင်အားက နွေဦးတော်လှန်ရေးမှာ အခြားသောကဏ္ဍတွေလိုပဲ ပြောစမတ်တွင်အောင်ကောင်းတဲ့ မှတ်တမ်းတွေအဖြစ် ရှိခဲ့ပြီး အင်အားလည်း ကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ အခုလို ရင်းခဲ့ကြပြီးနောက် နှစ်ကြာလာတဲ့အမျှ ရပ်တည်ဖို့ ခက်ခဲ့လာခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ “ CDM တွေကို ပစ်မထားကြဖို့ပေါ့နော့်။ ထောက်ပံ့ပေးရတဲ့ ကဏ္ဍတွေများတာကို ကျွန်တော်တို့နားလည်တယ်။ အဲ့ဒီလိုကဏ္ဍတွေများတာကို သိပေမယ့် CDM တွေကို မမေ့ပါနဲ့။ အခုအချိန်ထိ တောင့်ခံနေတာက CDM တွေက အရေးကြီးတဲ့ အချက် တစ်ချက်အနေနဲ့ ပါတယ်လေနော့်။ ၈၈ တုန်းက အဖြစ်အပျက်တွေနဲ့ ယှဉ်ကြည့်ပေါ့။ ကျွန်တော်တို့ CDM ရဲ့အခန်းကဏ္ဍက အခုနွေဦးတော်လှန်ရေးမှာ ဘယ်လောက်တာသွားလဲဆိုတာ”လို့ ဆရာမလေးက ပြောပြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆရာမလေး လင်းအန်ဇက် (Linn NZ) ကတော့ ကရင်နီဒေသမှာ ရှိနေတဲ့ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေနဲ့ တသားတည်းရှိနေဦးမှာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ဒီထက်မက အရှိန်နဲ့ ဆက်သွားနေဦးမှာဖြစ်သလို အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားချိနဲ့လာမှုကလည်း ထင်သာမြင်သာရှိလာတဲ့ အတွက်ကြောင့် စစ်အာဏာရှင် အမြစ်ပြတ်ဖို့က မကြာတော့ဘူးလို့ပဲ ဆိုရမှာပါ။ ဒါကြောင့်လည်းသူက မြေပြင်က စစ်ရှောင်ဒုက္ခသည်တွေအတွက် ဆက်လက် ကူညီပေးသွားဦးမှာဖြစ်သလို အဲ့ဒီက တိုင်းရင်းသားတွေရဲ့ ဘဝတွေကို စာနာမှုအဖြစ်နဲ့အပြင် သူတို့ရဲ့ ခံစားခဲ့ရမှုတွေကို အခုမှ နားလည်သဘောပေါက်နိုင်တဲ့ အကြွေးတစ်ခုအဖြစ်ပါ ဘယ်သူ့မှ မပေးတဲ့ တာဝန်တွေကို နွေဦးတောင်လှန်ရေး အောင်သွားတဲ့ထိတိုင် ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ဆရာမလေးက အခုလိုလည်း ပြောခဲ့ပါသေးတယ်။
“နွေဦးတော်လှန်ရေးကြီးက ဒီနှုန်းအတိုင်းနဲ့ပဲ အရှိန်တင်ပြီး ဆက်သွားမယ်ဆိုလို့ရှိရင် သေချာတယ်။ ကျွန်တော်တို့ခေတ်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်မယ်လို့ ကျွန်တော် လုံးဝယုံကြည်တယ်။ အဲ့ဒီအတွက်လည်းအားတင်းပေးထားကြပါ။ တော်လှန်ရေးကလည်း တစ်နှစ်ခွဲကျော်လာပြီ။ ဒုက္ခတွေမျိုးစုံခံစားနေရတယ်။ အဲ့ဒီရဲ့ဒဏ်တွေ တောင့်ခံပေးပြီးတော့ အခုထိ ပါဝင်ပေးနေကြတဲ့ လူတွေအားလုံးကိုလည်း တကယ်ကျေးဇူးတင်တယ်။ မြေပြင်မှာရောက်နေတဲ့သူတစ်ယောက်အနေနဲ့ မြို့ပေါ်ကလူတွေသာ မပါဝင်ဘူးဆိုရင် အခုလို အနေအထားထိ လှုပ်ရှားရပ်တည်နိုင်မှာမဟုတ်ဘူးလို့ မြင်ပါတယ်။ အဲ့ဒီအတွက်လည်း ဒီအခက်အခဲတွေကြားထဲကကို ပါဝင်ပေးနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့ အားတင်းထားကြပါ”……။