ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်း ဒေသတွင် ကွမ်းစျေး တက်နေကြောင်းသိရသည်။
ဧပြီ ၁ရက်နေ့က ကွမ်းစျေးတစ်ပိဿာလျှင် ကျပ်၁၂၀၀၀ခန့်သာရှိခဲ့ရာမှ ယနေ့ (ဧပြီ ၆ရက်)တွင် ကျပ် ၁၄၀၀၀ အထိမြင့်တက်လာကြောင်း ကွမ်းပစ္စည်းရောင်းဝယ်နေသူအချို့ထံက သိရသည်။
” ကွမ်းခြင်းက မန္တလေးကနေလာတာရှိတယ်။ ရှမ်း၊ကယားနယ်စပ် ပင်လောင်းက လာတာ ရှိတယ်။ အခုက တိုက်ပွဲတွေဖြစ်ပြီး လမ်းတွေပိတ်တော့ ကားတစ်ရက်သွားရမှာကို တစ်ရက်ခွဲလောက်ထိ သွားနေရတာရယ်၊ လမ်းကြေးတွေပေးရတာကြောင့် စျေးတွေတက်နေရတာပါ” ဟု ကွမ်း ရောင်းဝယ်သူတစ်ဦးက MPA သို့ပြောသည်။
စက်သုံးဆီစျေးများမြင့်တက်ခြင်းနှင့်သယ်သူပို့ဆောင်ရေး ကောင်းမွန်မှု မရှိခြင်းတို့ကြောင့် ကွမ်းရွက် သယ်ဆောင်ရာတွင် အခက်အခဲ ဖြစ်နေကြောင်းသိရသည်။
” အရင်က ပိုက်ဆံ ၁၀၀ကို ကွမ်းတစ်ယာရတယ်။ အခုက မရတော့ဘူး ။၁၀၀၀ဖိုးဆို ဘာမှ မစားရဘူး” ဟု ကွမ်းယာ စားသုံးသူ လူငယ်တစ်ဦးက ပြောသည်။
ကွမ်းရွက်စျေးမြင့်တက်နေမှုကြောင့် ကွမ်းယာစားသုံးသူ လူငယ်အချို့မှာ ဆိုင်ကွမ်းဝယ်မစားတော့ဘဲ အိမ်၌သာ ကိုယ့်ဘာသာယာ စားကြတော့ကြောင်း သိရသည်။
ကရင်နီ ဒေသခံများသည် အသက်အရွယ်၊ ကျား၊မ မရွေး ကွမ်းယာကို မိရိုးဖလာ ရိုးရာအဖြစ် စားသုံးကြသည်။