စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ရှောင် ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၄ ရက်၊နံနက် ၁ နာရီဝန်းကျင်တွင် မြင်းခြံ၊ဆီးမီးခုံဆိပ်ကမ်းမှလာသော စစ်သားများသည် မြောင်မြို့နယ်၊မရိုးကုန်းကျေးရွာသို့ အလစ်အငိုက် ရောက်ရှိလာကာ ဒေသခံနှင့် စစ်ရှောင်နေကြ သည့် အမျိုးသား၊အမျိုးသမီး ၃၀ ကျော်ကို မြိုင်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMထံက သိရသည်။
“အဖမ်းခံရတာက မရိုးကုန်းရွာကများတယ်။မြိုင်မြို့ပေါ်ကလည်းပါတယ်။မရိုးကုန်းမှာ အဖမ်းခံရတဲ့သူ တွေထဲ က ၆ ဦးအသတ်ခံရတယ်။ရေထဲမျှောပစ်တာ ၁ ယောက်ရဲ့အလောင်းကိုပဲ ပြန်တွေ့သေးတယ်။ရဲစခန်းမှာ ဖမ်းထားတဲ့သူတွေကို အလုပ်လုပ်ခိုင်းနေတယ်” ဟု CDSOM တာဝန်ခံ ရဲဘော်နွေဦးကပြောသည်။
ဖမ်းဆီးခံထားရသူများအနက် သက်ကြီးရွယ်အို ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်ပြည်သူများအား ယနေ့(နိုဝင်ဘာ၇ရက်)အထိ ဆက်လက်ဖမ်းဆီးထားကာ ရဲစခန်းနှင့်ထွေအုပ်ရုံးအတွင်းရှိ ကတုတ်ကျင်းနှင့်ဘန်ကာများကို ပြုပြင်ခိုင်းနေ ကြောင်းလည်းသိရသည်။
“မနေ့ညနေ(နိုဝင်ဘာ၅ရက်)ကတော့ အသက်ကြီးတဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တယ်။လွတ်လာတဲ့ ၇ ယောက်ကလည်း ကြောင်တောင်တောင်ဖြစ်နေတာ” ဟု မရိုးကုန်းကျေးရွာ ပလဖ ခေါင်းဆောင် တစ်ဦးကပြောသည်။
အသတ်ခံရသူ ၆ဦးမှာ အမျိုးသားများဟု ဆိုကြသော်လည်း အတည်မပြုနိုင်သေးပေ။
စစ်ကိုင်းတိုင်း၊မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို တော်လှန်ရေးပူးပေါင်းတပ်က နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ စစ်သား ၂ ဦးနှင့် ရဲ ၉ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း CDSOM က ထုတ်ပြန်ထားသည်။
မရိုးကုန်းရွာသို့ ဝင်ရောက်ဖမ်းဆီးသော စစ်တပ်မှာ မြောင်မြို့ပေါ် စီးနင်းခံရသဖြင့် မြင်းခြံမှ စစ်ကူ လာသော စစ်တပ် ဖြစ်သည်။