ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာတွင် အင်အားရစ် (ခ်) တာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့၊ ယနေ့ ညနေ ၄ နာရီ၊ ၂၃ မိနစ်၊ ၅၁ စက္ကန့်အချိန်တွင် မြောက်လတ္တီတွဒ် (၁၆.၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့ရှိ ရွှေဘုန်းမြင့်စေတီတော်ကြီး ထီးတော် ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး သီလရှင်တစ်ပါးနှင့် လူတစ်ဦးသေဆုံးကာ အချို့လည်း ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ ကနဦးစုံစမ်းသိရှိရသည်။
ထို့အပြင် မအူပင် တက္ကသိုလ်ရှိ အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိသည်ဟုလည်း ဆိုသည်။
ရန်ကုန်မြို့ရှိ မြို့နယ် အချို့တွင်လည်း ငလျင်လှုပ်ခတ်သွားသည်ကို သိသိသာသာ ခံစားလိုက်ရသည့် ပြည်သူများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။
“ လှုပ်တာသိလိုက်တယ်။ ထိုင်ရင်းကို မူးသွားတာဘဲ” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထိုင်း မိုးလေဝသဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ၊ ၂၃ မိနစ် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၊ မအူပင်မြို့၏ အနောက်တောင်ဘက် ရွှေတောင်မှော်ဒေသ၊ မြောက်လတ္တီတွဒ် (၁၆.၆၅) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၅.၄၆) ဒီဂရီ၊ အနက် (၁၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၄.၉) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။