မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းစစ်တပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၄ ရက်နေ့၊ နံနက် ၈ နာရီခန့် တွင်ဘီးလင်းမြို့နယ်၊အလူးလေးကျေးရွာနှင့်သပြေနီကျေးရွာကြား၌ KNLA၊KNDO၊PDFပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးရေးလုပ်ဆောင်နေစဥ် အင်အား ၃၀ ဝန်းကျင်ရှိ စစ်တပ် ကင်းပုန်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့က ၈ နာရီလောက်မှာ ကားလမ်းမဘေးမှာ ထိတွေ့မှုဖြစ်တယ်။ကျနော်တို့တော်လှန်ရေးဘက်က ၃ ဦးကျသွားတယ်။KNDOရဲဘော်တွေပါ။လက်နက်လည်းပါသွားတယ်။ရန်သူ့ဘက်ကတော့ ၃ ယောက်သေပြီး ၇ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။သူတို့က အင်အား ၃၀ လောက် ကင်းပုန်းဝပ်နေတာ။ကျနော်တို့က အလစ်အငိုက် အပစ်ခံရတာပါ”ဟု သထုံခရိုင် တပ်မဟာ(၁)PDF တာဝန်ခံ ရဲဘော်အေးမင်းထွန်း ကပြောသည်။
ယင်းတိုက်ပွဲသည် နာရီဝက်ခန့်ကြာဖြစ်ပွားခဲ့ပြီး KNDOရဲဘော် ၃ ဦးကျဆုံးကာ သေနတ် ၃ လက်လည်း ဆုံးရှုံးခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာ နေရာမှ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
စစ်သားများသေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။