ဖုန်းဟန်းဆက်စျေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် စျေးကွက်တွင်းတွင် တစ်ပတ်ရစ်ဖုန်းဟန်းဆက်များ အရောင်းသွက်လာကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိ ဖုန်းအသစ်စျေးနှုန်းမှာ တစ်ပတ်ရစ်ဖုန်းစျေးနှုန်းထက် တစ်သိန်းခွဲကျော် ကွာဟသည့်အတွက် အရောင်းသွက်နေခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းက ဆိုသည်။
” အခုစျေးကွက်ထဲမှာ Redmi Note 9 အသစ်စျေးဆို ၄ သိန်းခွဲ၊ Second အလုံးဆို ၂ သိန်း၈ သောင်း ပတ်ချာလည်ပဲရှိတယ်။ အလုံးကို ၁၅ ရက်၊ တစ်လ အာမခံပေးပါတယ်။ Second ကို အလုံးသန့်တွေ ရောင်းပေးတာပါ” ဟု Second Phone အရောင်းဆိုင်ဖွင့်ထားသူ ကိုလတ်က ပြောသည်။
ထို့အပြင် လက်ရှိအချိန်ကာလတွင် ဖုန်းများလုယက်ခံရခြင်း၊ ခိုးယူခံရခြင်း၊ ခါးပိုက်နှိုက်ခံရခြင်းစသည့် ဖြစ်စဥ်ဖြစ်ပွားမှုနှုန်းများ မြင့်တက်လာသည့်အတွက် တစ်ပတ်ရစ်ဖုန်းစျေးကွက်အတွင်း ဖုန်းအလုံးရေ မြောက်မြားစွာ ဝင်ရောက်လာခဲ့ကြောင်းသိရသည်။
” အကိုတို့က ဖုန်းကို လိုက်ကောက်တာပေါ့။ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး စျေးပေးတာ။ Iphone X 256GB တစ်လုံးကို ၃ ခွဲ ၄ (သိန်းဂဏန်း) လောက်ပေးတာပေါ့။ ပြီးရင် ဖုန်းဆိုင်တွေကို ပြန်လိုက်သွင်းတာ” ဟု ဖုန်းအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောသည်။
လက်ရှိ တစ်ပတ်ရစ်ဖုန်းစျေးကွက်ထဲတွင် I phone 12 pro (256GB) တန်းကြေးမှာ ၁၈၅၀၀၀၀ကျပ်၊ I phone X (256GB)မှာ ၇၅၀၀၀၀ကျပ်၊ Iphone 7plus(256GB) မှာ ၃၈၀၀၀၀ကျပ် ၊ Iphone 11 promax(256GB)မှာ ၁၅၉၀၀၀၀ကျပ် ၊ Samsung Galaxy A23 (6/128 GB)မှာ ၊ ၄၈၅၀၀၀ကျပ်၊ Samsung A72 ( 8/256) မှာ ၆၄၀၀၀၀ကျပ်၊ Huawei Nova 9SE (125GB)မှာ ၅၆၀၀၀၀ကျပ်၊ Vivo Y21(4/64)မှာ ၃၅၀၀၀၀ကျပ်၊ Realme C17(6/128) မှာ ၂၆၀၀၀၀ကျပ် ၊ Redmi Note 9s (6/128) မှာ ၂၁၅၀၀၀ကျပ်၊ Redmi Note 8 pro (8/128)မှာ ၃၂၀၀၀၀ကျပ်၊ Redmi 9(4/64) မှာ ၂၆၀၀၀၀ ကျပ်နှင့် Tecno Pova 1(6/128)မှာ ၂၆၀၀၀၀ ကျပ်ရှိကြောင်းသိရပြီး အချိန်နှင့်အမျှ စျေးနှုန်းအပြောင်းအလဲရှိနိုင်သည်ဟု ဆိုသည်။