By JPaing / MPA ( Photo Essay )
“ဘာလုပ်နေလဲ“
“ လေ့ကျင့်နေတယ်‘
“ ဘာလုပ်ဖို့လဲ‘
“ တိုက်ပွဲဝင်ဖို့“
“ ဘယ်သူ့အတွက်လဲ“
“ ပြည်သူ့အတွက် ပြည်သူ့အတွက် “
“ ဘာစိတ်ဓာတ်လဲ“
“ သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်“
“ ဘာစစ်သားလဲ“
“ ပြည်သူ့စစ်သား နိုင်ငံ့စစ်သား“
“ ဘယ်ခြေထိုး—- ကျား ၊ ကျား “ အစရှိသည့်အသံတို့သည် တောတွင်းတစ်နေရာရှိ တော်လှန်ရေး တပ်စခန်း တစ်ခုလုံး ဟိန်းကာပျံ့နှံ့နေသည်။ အဆိုပါအသံများသည် အကြမ်းဖက် စစ်ကောင်စီအား လက်နက်ကိုင်ကာ ခုခံတွန်းလှန်စစ်ဆင်နွှဲနေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ လေ့ကျင့်ရေးကွင်းမှ သင်တန်းသူ၊ သင်တန်းသားများ၏ ဟစ်ကြွေးသံများ ဖြစ်သည်။
အဆိုပါ သင်တန်းသားများကိုသင်တန်းပေးနေသည့် နည်းပြများထဲတွင် မေမိုးပွင့် (သို့) မေ တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။
ဖြူဖြူနွဲ့နွဲ့ချစ်စရာဟန်ပန်ရှိသော်လည်း စစ်ပညာသင်ကြားနေသည့် အချိန်တွင် စစ်သားတစ်ဦးကဲ့သို့ အမိန့်များပေးကာ တည်ကြည်သောမျက်နှာထားဖြင့် သင်တန်းပေးနေသည့် ဆရာမမေတစ်ယောက်မှာ အခြား တော်လှန်ရေး ရဲဘော်များနှင့်မတူဘဲ ထူးခြားနေသည်။
သင်တန်းနည်းပြဆရာမ မေသည် အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းမီက ရိုးရိုးသာမာန်၀န်ထမ်းတစ်ဦးသာဖြစ်သည်။
“ ၃ လပိုင်းလောက် စတင်ပစ်ခတ်တဲ့အချိန်မှာ ဆုံးသွားတဲ့လူငယ်တွေ နည်းတာမဟုတ်ဘူး။ အရမ်းဝမ်းနည်းတယ်။ ဘာမှလုပ်မပေးနိုင်ခဲ့ဘူ။ ထိရောက်မယ့် နည်းလမ်းရှာမရဘူး။ တစ်နေ့တစ်နေ့တက်လာတဲ့သတင်းတွေအတွက် ပူဆွေးရုံကလွဲ မလုပ်ပေးနိုင်ဘူး။ အရင်က ဆန္ဒပြပြီး အနိုင်ရမယ်ပဲတွေးခဲ့တာ နောက်တော့ မရမှန်းသိခဲ့တယ်။ ရပ်ကွက်ထဲထိ ပစ်ခတ်တော့ လက်နက်ကိုင်တိုက်မှ နိုင်မယ်ဆိုတာ သိလာတယ်။ ခုခံစားနေရတာမျိုး နောင်ကလေးတွေ မခံစားစေချင်တော့ဘူး။ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ပြီးချိန် သူငယ်ချင်းနဲ့တိုင်ပင်ပြီး ချိတ်ဆက်ခဲ့တာ။ BPLA နဲ့ ဆက်သွယ်မိပြီး ရောက်လာခဲ့တယ် “ ဟု မေက ဆိုသည်။
BPLAတွင် စစ်သင်တန်းစတင်တက်ရောက်ချိန်တွင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သည့် မေသည် မကြာမီ ၁၉ နှစ်ပြည့်တော့မည်ဖြစ်သည်။
“ ယောကျာ်းမိန်းမ တန်းတူလို့တွေးတယ် အဲဒါကြောင့် မေ့အတွက် သင်တန်းသားတွေက သိပ်ပြီးအခက်အခဲ မဖြစ်စေဘူး“ ဟု သူမက ဆိုသည်။
BPLA ရဲဘော်တစ်ဦးဖြစ်လာပြီးနောက် ရှေ့တန်းထွက်ရန် ဆန္ဒပြင်းပြသော်လည်း နည်းပြအဖြစ်တာ၀န်ပေးအပ်ခဲ့သည့်အတွက် ကြံ့ခိုင်ပြီး စနစ်ကျသည့် တော်လှန်ရေးရဲဘော်သစ်များပေါ်ထွက်လာစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
“ ဒီလမ်းကိုရွေးချယ်ပြီပြီးဖြစ်လို့ မှားတယ်မတွေးမိဘူး တော်လှန်ရေး ဘယ်လောက်ပဲနှစ်ကြာကြာ တော်လှန်ရေးပြီးဆုံးအောင် လုပ်မယ်။ တော်လှန်ရေးပြီးရင် ဒီမှာဆက်နေဖြစ်မလား ဝါသနာပါတဲ့ ဖိုတိုမော်ဒယ်လုပ်ဖြစ်မလား မသေချာသေးဘူး “ ဟု ဆိုသည်။
ကရင်ပြည်နယ်တွင် ခြေကုပ်ယူပြီး အာဏာရှင်စနစ်နှင့်အတူ လူမျိုးကြီးဝါဒကြီးစိုးမှုကိုပါ တိုက်ထုတ်မည့် တပ်တခုသည် တိုင်းရင်းသားဒေသလွတ်မြောက်နယ်မြေတစ်နေရာတွင် မဟာမိတ် EAO များ၏ အကူအညီဖြင့် စနစ်တကျ စုဖွဲ့လေ့ကျင့်နေသည်။
BPLA ၏ စစ်အခြေခံသင်တန်းသည် ၃ လနှင့် ၄ လကြား ကြာမြင့်ပြီး ခက်ခဲကြမ်းတမ်းသည့် သင်ခန်းစာများကို ကျော်ဖြတ်နိုင်ရန် ခိုင်မာသည့်စိတ်ဓာတ်နှင့် ကျန်းမာရေးကောင်းမွန်ရမည်ဖြစ်ကြောင်း သင်တန်းနည်းပြဆရာမ မေကဆိုသည်။
“ မေတို့တုန်းက အရမ်းပင်ပန်းတော့ သင်တန်းကို တစ်နာရီစာပဲတွေးတယ်။ တစ်ရက်စာတစ်ရက်စာပဲတွေးတယ် ။ သင်တန်းတစ်ချိန်ချင်းစီကို ဖြတ်သန်းဖို့ အားမွေးရတယ်။ “ ဟု သင်တန်းတက်သည့်ကာလအတွေ့အကြုံကို မေကရှင်းပြသည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လက်တွဲပြီး တိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မဟာမိတ်အဖွဲ့များကပင် ချီးကျူးစကား ပြောလာကြသည်။
စစ်သင်တန်းတစ်ခုတွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့် ပါ၀င်ပြီး သင်တန်းပြီးဆုံးပါက တာ၀န်ကျရာကို တာ၀န်ထမ်းဆောင်ရသလို သင်တန်းနည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေရသူများလည်းရှိသည်။
“ကိုယ့်ဆုံးဖြတ်ချက်ကို သေချာစဉ်းစားဆုံးဖြတ်စေချင်တယ် လက်နက်ကိုင်တော်လှန်ချင်လို့လား သေနတ်ကိုင်ချင်ရုံသက်သက်ပဲလားဆိုတာ ဆုံးဖြတ်ချက် ခိုင်မာပြီဆိုတော့မှ ဒီလမ်းကို ရွေးစေချင်တယ်” ဟု ဆရာမ မေကဆိုသည်။