NUG ၊PDF နှင့် EAO တို့ကို ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု မင်းအောင်လှိုင်၏ပြောကြားချက်မှာ သွေးရူးတန်းစကားများသာဖြစ်ကြောင်း PDF အချို့က တုံ့ပြန်လိုက်သည်။
နေပြည်တော်တွင် ယနေ့ ပြုလုပ်သော (၇၈)နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြ အခမ်းအနားတွင် စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်၎င်းတို့ကို အကူအညီပေးနေသော တိုင်းရင်းသားလက်နက်ကိုင် (EAOs) များကိုပါ ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။
“မင်းအောင်လှိုင်က သွေးရူးသွေးတန်း နဲ့ ပြောနေတဲ့အပေါ် ကျနော်တို့ တွေအနေနဲ့ မှုစရာမရှိပါဘူး။တစ်နိုင်ငံလုံးမှာလည်း သူ့စစ်သားတွေ သေနေကြတာ အမြင်ပဲ။သူ့ရဲ့နောက်ဆုံးမိန်းခွန်းမှာ သွေးရူး သွေးတန်း ပြောတာာလို့ပဲ သဘောထားပါတယ်”ဟု မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ -MRG တာဝန်ခံ ကပြောသည်။ ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနှင့် မရနိုင်ကြောင်းလည်း မင်းအောင်လှိုင်က ပြောကြား ခဲ့သေးသည်။
“တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် အရေးယူနေတာ နှစ်၇၀ကျော်ကြာပါပြီ။ ဘယ်သူကမှ ဂရုစိုက်မနေပါဘူး။ ကျနော်တို့လည်း ဂရုစိုက်မနေပါဘူး။ တစ်နိုင်ငံလုံးမှာ သူ့စစ်သားတွေ သေနေတာမှ အတုံးအရုန်းပဲ မဟုတ်လား”ဟု မင်းအောင်လှိုင်၏ ပြောကြားချက်အပေါ် မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ခံ ဗိုလ်တောက်တဲ့ က တုံ့ပြန်လိုက်သည်။
နေပြည်တော်တွင် စစ်ကောင်စီပြုလုပ်သည့် ယနေ့ အခမ်းအနားကို စစ်ကောင်စီအဖွဲ့ဝင်များအပြင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့် စစ်ကောင်စီနှင့်နီးစပ်သော အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြသည်။