ရန်ကုန်မြို့တွင် လုံခြုံအောင်နေရသည်မှာ အခက်ခဲဆုံး ပြဿနာဖြစ်လာကြောင်း Yangon Revolution Force(YRF)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်အတွင်း စစ်ကောင်စီတပ်၏ ဧည့်စာရင်းစစ်မှုနှင့် မဲစာရင်းကောက်ခံမှုများကြောင့် မြေပြင်သပိတ်လှုပ်ရှားသူများအနေဖြင့် လုံခြုံရေးအပေါ်များစွာ သတိထားနေရကြောင်း သိရသည်။
“ လုံခြုံအောင်နေရတာ အခက်အခဲဆုံးလို့ ပြောလို့ရတယ်။ ဧည့်စာရင်းစစ်တာတွေ သန်းခေါင်စာရင်းကောက်တာတွေကြောင့် လုံခြုံရေးကို အထူးဂရုစိုက်နေရတယ်။ စစ်တပ်ရဲ့ ရှာဖွေဖမ်းဆီးမှုတွေကြောင့် နယ်မြေတဖြည်းဖြည်းကျဉ်းလာပြီး ဘေးကင်းအသက်ရှင်နိုင်ဖို့ တော်တော်ရုန်းကန်နေရတယ်” ဟု YRF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က သပိတ်ရဲဘော်များကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များအပေါ် နမူနာယူသတိထားကာ မြေပြင်သပိတ်များအား ဂရုတစိုက် ဖော်ဆောင်နေရကြောင်း ၎င်းက ပြောသည်။
“ YRFထဲမှာလည်း ဖမ်းဆီးခံထားရတဲ့ရဲဘော်တွေရှိတယ်။သူတို့ဖြစ်စဉ်တွေကို ကြည့်ပြီး စစ်တပ်က မြေပြင်သပိတ်ဖော်ဆောင်ရာမှာ ဖမ်းဆီးတာမျိုးမပြုနိုင်အောင် သတိထားပြီး ဘေးကင်းအောင်လုပ်ဆောင်နေပါတယ်။အသေးစိတ်ကိုတော့ လုံခြုံရေးအခြေအနေအရပြောလို့မရပါဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် တော်လှန်ရေးကာလ ၂နှစ်တာကျော်လွန်လာပြီဖြစ်သော်လည်း ရန်ကုန်မြို့နေပြည်သူများအနေဖြင့် တော်လှန်ရေးတွင် သွေးမအေးပဲ ရရာနေရာမှ နိုင်သည့်ဝန် ထမ်းရွက်လျက်ရှိကြောင်း၎င်းက မှတ်ချက်ပြုသည်။