စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ ကားလမ်းမပေါ် စစ်ကောင်စီယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 People’s Defense Force Monywa က ထုတ်ပြန်ထားသည်။
မတ်လ ၃ ရက် မွန်းလွဲ ၁နာရီ ၄၉ မိနစ်ခန့်တွင် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော ကား ၁၄ စီးပါသော စစ်ယာဥ်တန်း၏ ၄ စီးမြောက်ကားကို မုံရွာ-ချောင်းဦးလမ်းပိုင်း ပရစ်ကုန်းအနီး မိုင်းကွင်းအရောက် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပွိုင့်ကား ၄ စီး နဲ့ ၆ ဘီးကား ၁၀ စီးပါယာဥ်တန်းကို မိုင်းဆွဲတာ ၆ ဘီးကားတန်းရဲ့ ပထမဆုံးကားက မိုင်းကွင်းအဖြတ် ဆွဲလိုက်တာ။ ကားကထိုးရပ်သွားတယ်။ နောက်ကားတွေလည်း ရပ်ပြီး ပြန်လှည့်သွားတယ်။ မိုင်းဆွဲခံရတဲ့ကားက ယာဥ်မောင်းက သေနိုင်ဖို့များတယ်။ ကင်းပုန်းတွေကနေ ကျနော်တို့ကို ပစ်တာ။ ကျနော်တို့လည်း ပြန်ဆုတ်လာရတော့တယ်”ဟု Area 71 People’s Defense Force Monywa ၏ အဖွဲ့ခေါင်းဆောင်က ပြောသည်။
ဆက်လက်ပြီးမွန်းလွဲ ၂ နာရီကျော်၌ မန္တလေး မှ မုံရွာ ဘက်သို့ ထွက်လာသော ကားတန်းကို မိုင်းဆွဲခဲ့သော်လည်း Jummer စက်ကွင်းများ လွတ်အောင်ဆွဲခဲ့နိုင်ခြင်းမရှိခဲ့ပေ။
“မန္တလေးက လာတဲ့ကားပေါ်မှာ လက်နက်ကြီးတွေ ပါနိုင်တယ်လို့ ကျနော်ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့မိုင်းတွေကလည်း jummer လွတ်အောင် အထူးပြုလုပ်ထားတာ။ မိုင်းကွင်းကို ကားတန်းအဖြတ် ကျနော်တို့ မိုင်းဆွဲတာ ဘယ်လိုမှ မရဘူး။ ကျနော်တို့လည်း သတင်းထောက်လှမ်းပြီး မုံရွာကနေ ကားတွေထွက်ဖို့ရှိသေးတယ်လို့ သတင်းရတာနဲ့ ထပ်စောင့်နေပြီး ဆွဲတာ ကားတန်း ၁၈ စီးမှာ ၉ စီးမြောက်ကား ကိုထိတယ်။ နောက်က ကားပေါ်က ကစစ်သားတွေက ပစ်တာ မရပ်ဘူးဗျာ။ ကျနော်တို့လည်း ဝပ်နေရတယ်”ဟု ၎င်းက ဆိုသည်။
မုံရွာနမခ မှ မန္တလေးဘက်သို့ ထွက်လာသည့် စစ်ယာဉ်တန်းကို မွန်းလွဲ၃နာရီဝန်းကျင်တွင် မိုင်းဆွဲခဲ့ ခြင်းဖြစ်သည်။
မန္တလေးဘက်မှ လာသည့်ကားပေါ် လက်နက်ကြီးများပါလာနိုင်သောကြောင့် PDF ရဲဘော်များ အထူးသတိရှိကြရန် ၎င်းကတိုက်တွန်းသည်။