စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ ဆည်မြောင်းရုံးက ဘတ်ဖိုး တစ်စီးကို မီးရှို့ကာ ရုံးထဲ ဗုံးပစ်သွင်းခဲ့ကြောင်း God Of Empire မြို့ပြပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က ဆည်မြောင်းရုံး အပိုင် ဘတ်ဖိုးတစ်စီးကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့က ရုံးရှေ့မှာ ရပ်ထားတဲ့ ဘတ်ဖိုးကို အဓိက ထားလုပ်တာ။ ဘတ်ဖိုးကို မီးရှို့တယ်။ အချိန်ကတော့ကြာတယ်။ ပတ်ကင်းတွေလာတော့ ကျနော်တို့လည်း ရုံးထဲကို အကြီး တစ်လုံး အသေးတစ်လုံး ဗုံးနဲ့ ၂လုံးပစ်ပြီး ပြန်ဆုတ်လာတာ။အဲ့ဒီမှာက ရုံး ၂ ရုံးကပ်လျက်ရှိတယ်။ အရှေ့ရုံးမှာက စစ်သား တွေ ရံဖန်ရံခါ ညအိပ်တာတွေရှိတယ်။ ကျနော်တို့လုပ်ခဲ့တာ ကအနောက်ရုံးဗျ။ ညစောင့်ရှိတယ်။ စစ်သားမဟုတ်တဲ့အတွက် ကျနော်တို့ ဘာမှမလုပ်ဘူး။ ။အဓိက ကတော့ စစ်ကောင်စီက မာရှယ်လောထုတ်တာကို ပြန်ပြီး တုံ့ပြန်တဲ့အနေနဲ့ လုပ်လိုက်တာပါ”ဟု God Of Empire မြို့ပြပြောက်ကျားတပ်ဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုညီညီအောင် ကပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလေးမြို့နယ်ကို မာရှယ်လောထုတ်လိုက်ပြီး လုံခြုံရေးတင်းကျပ်ထားကြောင်းလည်းသိရသည်။
“ညကတော့ သေနတ်ပစ်သံတွေဆူညံနေတာပဲ။ ရဲစခန်းနားလည်းပစ်တယ်။ ညဘက်ဆို အမြောက်တပ်ကနေ ဘယ်ကိုပစ်မှန်းတော့ မသိဘူး လက်နက်ကြီးတွေနဲ့ပစ်နေတာ အနားကရပ်ကွက်တွေဆို မြေပါတုန်တယ်။ ခုတော့ရိုးသွားပါပြီ။ စစ်ဆေးရေးဂိတ် အနီးဝန်းကျင်ဆို ဆိုင်ကယ် ၂ ယောက်စီးလို့မရဘူး။တစ်ခါတလေဆို ဆိုင်ကယ်မောင်းနေရင်း တားပြီး တူးဘောက်ကိုဖွင့်ပြီးစစ်တယ်”ဟု ကလေးမြို့သားတစ်ဦးကပြောသည်။
ဇန်နဝါရီ ၄ ရက်နေ့ကလည်း God Of Empire နှင့် မဟာမိတ် ၃ ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီထောက်ပို့တပ် ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။