စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် စစ်သား ၈ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံက သိရသည်။
စစ်ကောင်စီတပ်စခန်းနဲ့ ပျူစောထီးအခြေစိုက်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဇန်နဝါရီ၂၇ရက်နေ့၊ ညနေ ၆ နာရီ ဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၇မှ တာဝန်ရှိသူက ဆိုသည်။
“ ကျနော်တို့သွားတော့ လက်နက်ကြီးတွေနဲ့ အလုံးအရင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ဘန်ကာထဲကို
လက်နက်ကြီးကျည်ကျပြီး အတုံးအရုံးသေတယ်၊ အလောင်းတွေလည်း စုတ်ပြတ်လို့၊ လမ်းမှာလည်း သွေးကွက်တွေပဲ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပျူစောထီး ၃၅ ဦး သေဆုံးနေသည်ကို မျက်မြင်တွေ့ခဲ့ရကြောင်းလည်း ဆိုသည်။
ဝင်ရောက်တိုက်ခိုက်ချိန် ၅နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကာ မူးမြစ်ကို ဖြတ်ပြေးကြသည့် စစ်သားနှင့်ပျူစောထီးတို့ ရှိကြောင်း သိရသည်။
သလဲဘာတိုက်ပွဲအတွင်း စစ်သားနှင့် ပျူစောထီးတို့ သေဆုံးမှုနှင့် ပတ်သက်ပြီး MPA အနေနှင့် သီးခြား အတည်မပြုနိုင်သေးပေ။
တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ကျေးရွာအတွင်းက သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို အခြားဘေးလွတ်ရာကိုပို့ဆောင်ပေးထားခဲ့သည်ဟုလည်း ၎င်းကပြောသည်။