စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကွဲရွာက ဆရာတော်တစ်ပါးအပါ လေးဦးကို ယနေ့ ဇန်နဝါရီ ၆ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်သွားသည်ဟု ဒေသခံတွေဆီက စုံစမ်းသိရှိရသည်။
ယင်းဒေသ ရွှေဂူကြီးကျောင်းတိုက်ထဲရှိ ဆရာတော် ဂန္ဓသာရ သက်တော် (၄၂ နှစ် ဝါတော် (၂၂) ဝါ၊ မခိုင်ဆုမွန်အသက် ၃၂ နှစ်၊ ကိုမျိုးထွန်း အသက် ၃၅ နှစ်နှင့် စစ်ကိုင်းခရိုင်ရင်း (၈) မှ ရဲဘော်ဖိုးတုတ် (၄၀ နှစ်) တို့အား ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ရပ်ကျေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ ဆရာတော်နဲ့ ဒကာမက မနေ့ညကမှ ရွာထဲကိုရောက်လာတာ။ သူတို့ကို ဘာမှမလုပ်ဘူး အထင်နဲ့ မြေတိုက်ထဲရှောင်နေတာ။ မြေတိုက်ထဲမှာပဲ တေ့ပြီးပစ်သွားတာ” ဟု ၎င်းက ပြောသည်။
ရဲဘော်ဖိုးတုတ်နှင့် ကိုမျိုးထွန်းတို့ကို ကျေးရွာအတွင်းမှာပင် ပစ်သတ်သွားခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီပဲယင်းကွဲရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းက လူနေအိမ် ၉၀ နှင့် ရွာဇရပ်တစ်လုံးကိုပါ မီးရှို့သွားခဲ့သည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ ၂၇၀၁ ဦးအထိ ရှိခဲ့ပြီဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။