စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ပင်မပြည့်သေးသည့်အချိန်မှာပင် တစ်တိုင်းပြည်လုံးအနှံ့ အနှုတ်လက္ခဏာပြကာ ဗြောင်းဆန်သွားသည်မှာ စစ်ကောင်စီ၏ ပြောင်မြောက်လှသော အဖျက်ဓာတ်ကြီးမားမှုပင် ဖြစ်သည်။
တိုင်းပြည်ကို တစ်ရက်ချင်း၊ တစ်ရွက်ချင်း၊ ချွေးတစ်စက်ချင်း စုစည်းကာ ဉာဏ်ပညာ၏ ဦးဆောင်မှုဖြင့် တည်ဆောက်ခဲ့သည်မှာ ရွေ့၍ရွေ့မှန်းပင်မသိအောင် ခက်ခဲ တာရှည်လွန်းလှသော်လည်း အာဏာကလွဲ စုံလုံးကန်းနေပြီဖြစ်သော မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တို့၏တစ်စစီ ဆုတ်ဖြဲလိုက်မှုမှာ ချက်ချင်းဆိုသလို သိသာလွန်းလှသည်။
အနာဂတ်ကိုယ်စီဖြင့် ကိုယ့်ရှေ့ရေးကိုယ် ရဲရဲတွေးနေသောလူငယ်လေးတို့မှာ တစ်ဦးချင်းအိပ်မက်များကို အကုန်ပစ်ချထားခဲ့ကာ တိုင်းပြည်၏အနာဂတ်အတွက် အသက်ကိုပင် ပုံအပ်လိုက်ရသည်။အာဏာသိမ်းပြီး ၆လကျော်ကာလတွင် သိပ်မကြာသေးသောတစ်ချိန်က ၂၄နာရီပြည့် မီးခိုးတလူလူလွင့်နေသော မြို့ပြစက်ရုံတ ချို့ ကိုယ့်အထုပ်ကိုယ်ပြန်ပိုက်ကာ စက်ရုံတံခါးပိတ်လိုက်ကြသဖြင့် အလုပ်လက်မဲ့များ စတင်လာခဲ့သည်။
မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်တို့မှာ စိတ်ကြီးဝင်နေကြသူများဖြစ်သဖြင့် ဘာ့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများပြန်လည်ဆုတ်ခွာသွားသလဲဆိုသည်ကို စိစစ်အဖြေရှာ ကာဗာပြန်လုပ်နိုင်ခြင်းမရှိဘဲ ကြိုက်သလောက်ထွက် ဂရုမစိုက်ဘူးဟူ၍သာ မိုက်ဂုဏ်အပြည့်ဖြင့် ဟန်လုပ်နေတော့သည်။
မင်းအောင်လှိုင်က လျှပ်စစ်ကား၊ မြေအောက်ရထားတို့ဖြင့် အရှက်ကင်းမဲ့စွာ လေလုံးထွားနေစဉ် တစ်တိုင်းပြည်လုံးအနှံ့ လျှပ်စစ်မီးပြတ်တောက်နေရုံတင်မက လောင်စာဆီဈေးနှုန်းမှာလည်း မိုးထိထောင် တက်လာသ၍ ယိုင်နဲ့နေပြီဖြစ်သော အလတ်စားနှင့် အသေးစားလုပ်ငန်းများမှာ ထပ်မံဆောင့်တွန်းခံလိုက်ရကာ နောက်ထပ်အလုပ်လက်မဲ့များစွာကို အောင်မြင်စွာ မွေးထုတ်လိုက်နိုင်ပြန်သည်။
အာဏာသိမ်းပြီး တစ်နှစ်တာ၊ တိုင်းပြည်ကို ထိုသို့မြေလှန်ပစ်ပြီး အလုပ်လက်မဲ့၊ ကုန်ဈေးနှုန်းတက်၊ ကျပ်ငွေတန်ဖိုးဇောက်ထိုးဆင်း၊ ရာဇဝတ်မှုများ အလုံးအရင်းဖြင့် တိုးပွားလာခဲ့ကာ စစ်ကောင်စီအတွက် ဆိုးညစ်လှသောမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။
တိုင်းပြည်ကို မည်သို့ တည်ဆောက်ရမည်မှန်းမသိသော စစ်ဗိုလ်ချုပ်တို့မှာ တိုင်းပြည်ကို မည်သို့ဖျက်ရမလဲဆိုသည်ကိုတော့ ကောင်းကောင်းသိကြသည်။ ပြည်သူအများ မျက်ဖြူဆိုက်ခြင်းသည် ၎င်းတို့ကို ဆန့်ကျင်နေသော ပြည်သူကို ဒဏ်ခတ်ရာရောက်သလို ပြည်သူတို့ဘဝ နေ့စဉ်နှင့်အမျှ မတည်မငြိမ်ဖြစ်ကာ ရမ်းခါနေပါက တော်လှန်ရေး ဒီရေကျဆင်းနိုင်မည်ဟုလည်း ထင်မှတ်ရူးကြပြန်သည်။ ထို့ကြောင့်၊ ပြည်သူများ အငတ်ဘေး သင့်၊ပြည်သူများ အလုပ် လက်မဲ့ဖြစ်၊ ပြည်သူများကြား ရာဇဝတ်မှုများ တိုးပွားလာအောင် မဟာဗျူဟာမြောက် ဆက်လက်အားထုတ်သည်။
တော်လှန်ရေးနယ်မြေ ကျေးလက်ဒေသများကို မီးလောင်တိုက်သွင်းကာ အိုးမဲ့အိမ်မဲ့ အခြေသို့ဆိုက်အောင် လုံ့လစိုက်သည်။ မြို့ပြဒေသများကိုမူ ကျူးကျော်ရှင်းလင်းရေးခေါင်းစဉ်ဖြင့် နှစ်များစွာကြာ အခိုင်အမာ တည်ဆောက်ထားသော ပြည်သူ့အိုးအိမ်များအား ဖျက်ဆီးခဲ့သည်။
ယခု စစ်ကောင်စီ၏ နောက်လမ်းတစ်သွယ်ဖြင့် ထပ်မံအားစိုက်လိုက်ခြင်းမှာ လက်နက်ကိုင်ဆောင်ခွင့် မူဖြစ်သည်။အရပ်သားများကို လိုင်စင်နှင့်ပါမစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုခြင်း ဖြစ်သည်။ မည်သို့သော သူများ လက်နက် ကိုင်ဆောင်ခွင့်ရမည်နည်း။ လက်နက်ကိုင်ဆောင်ခွင့်မူအခန်း ၄/၉(က)တွင် “ဒေသဆိုင်ရာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေး ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ဌာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ၊ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားသည့်အခါတွင် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်”ဟု ပြဌာန်းထားချက်အရ စစ်ကောင်စီကိုထောက်ခံပြီး ခိုင်းသမျှ လုပ်ပေးမည့်သူများ ကိုင်ဆောင်ခွင့်ရကြမည် ဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့လက်အောက်ခံ ပျူစောထီး၊ စွန်ရဲ၊ သွေးသောက်စသည့် လက်မရွံ့ဂိုဏ်းသားများမှာ တရားမဝင် ဗြောင်ကျကျ လက်နက်ကိုင်ဆောင်ခွင့်ရနေခြင်းကြောင့် ယခုပြဌာန်းချက်မှာ တရားဝင်မှု ပေးလိုက်သည့်သဘော ဖြစ်သည်။
ယင်းလက်နက်ကိုင်ဆောင်ခွင့်မူမှာ ၎င်းတို့၏လက်ပါးစေများကို ကာကွယ်ပေးနိုင်စွမ်းမရှိကြောင်း စစ်ကောင်စီက ဖြောင့်ချက်ပေးလိုက်ခြင်းဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ သေနတ်ကိုင်ခြင်းသူများကို စစ်ကောင်စီလက်အောက်ခေါင်းလျှိုဝင်ရောက်ရန် သိမ်းသွင်းလိုက်ခြင်းလည်းဖြစ်သည်။
ထပ်ရှင်းရသော် စစ်ကောင်စီကို အလုပ်အကျွေးပြုနိုင်သူသည် သေနတ်ကိုင်ခွင့်ရမည်ဖြစ်သလို ယင်း သေနတ်ဖြင့် ရာဇဝတ်မှုလုပ်ငန်းများလည်း ဆောင်ရွက်နိုင်မည်ဖြစ်၍ ပြည်သူများကြား ရာဇဝတ်မှုများဆက် လက်တိုးပွားလာအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပြဌာန်းလိုက်ခြင်းပင်ဖြစ်သည်။
နောက်ဆုံး၊ ပြည်သူတို့၏ဘဝ မတည်ငြိမ်မှုသည် စစ်ကောင်စီမျှော်မှန်းသလို တော်လှန်ရေးဒီရေကို မကျဆင်းခဲ့လျှင်တောင် ၎င်းတို့အာဏာမဲ့ဘဝဖြင့် ထွက်ပြေးရချိန်၌ မြန်မာနိုင်ငံတစ်ဝန်း ဝရုန်းသုန်းကား ကျန်ရစ်နေစေလိုခြင်းဖြစ်သည်။
စစ်ဗိုလ်ချုပ်တို့၏ တိုင်းပြည်အပေါ် စေတနာကြီးမှုမှာ ထိုသို့ဖြစ်သည်။ စစ်ဗိုလ်ချုပ်တို့မှာ မစားရသည့် အမဲ သဲနှင့်ပက်ရန် ဝန်မလေးသူများဟု MPA က ယုံကြည်ပါသည်။