ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း၊နယ်စပ်မိုင်တိုင် ၄၃နှင့်၄၄ကြားဖေဖော်ဝါရီလ ၄ ရက်၊ယနေ့နံနက် ၈ နာရီကျော်အချိန်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာဆာအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင့် ဒေသခံများက ပြောသည်။
” ဒီမနက် ၈ နာရီကျော်လောက်ကဖြစ်ကြတာပါ။နယ်ခြားစောင့်နဲ့အာဆာဖြစ်ကြတာလို့ကြားပါတယ်။မိုင်တိုင်၄၃နဲ့၄၄ကြားမှာပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါမောင်တောမြောက်ပိုင်း၊လဘော်ဝချောင်းဖက်မှာ ဖေဖော်ဝါရီလ ၁ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အာဆာအဖွဲ့တို့ကြား သုံးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
” ငါတို့ဖက်က အထိအခိုက်အကျအဆုံးမရှိဘူး။မြန်မာစစ်တပ်က စစ်သား ၂ ဦးကျဆုံးတာကို ငါတို့ကိုယ်တိုင်မြင်ခဲ့ရတယ်။ရိုဟင်ဂျာညီအစ်ကိုတွေအနေနဲ့ ငါတို့အတွက် ဆုတောင်းပေးကြဖို့ ပြောလိုတယ်။” ဟု အာဆာဖက်က ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလက တောထဲသို့သွားသော ခုံတိုင်ရွာသားအချို့ကို အာဆာအဖွဲ့(Arakan Rohin gya Salvation Army)ကပစ်ခတ်ရာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
” အဲဒီနေရာတွေကို ဇန်နဝါရီလကတည်းက မြန်မာ့တပ်မတော်ဖက်က နယ် မြေရှင်းလင်းရေးလုပ်နေပါတယ်။ဒီနေ့က အာဆာကိုတွေ့လို့ထိတွေ့တိုက်ပွဲတွေဖြစ်ကြတာပါ။” ဟု နယ်ခြားစောင့်အရာရှိတစ်ဦးက အတည်ပြုပြောသည်။
ယခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဆာခေါင်းဆောင်အာတာအူလာ၏ ၂၉ မိနစ်စာရုပ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
ထိုရုပ်သံမှာ” ရခိုင်မြေ ဘယ်နေရာမှာရှိရှိ ငါတို့အားလုံးဟာ ရိုလိမ်ဂျာများဖြစ်တယ်။စစ်တွေ၊မောင်တော၊ဘူးသီးတောင်ဆိုပြီး မခွဲခြားပါနဲ့။သွေးစည်းမှ ပန်းတိုင်ရောက်မယ်။ ငါတို့ အဖိုးအဖွား အမွေရတဲ့မြေ၊လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ၀ ကျော်ကတည်းက ငါတို့ပိုင်ဆိုင်တဲ့မြေ၊ဒါကြောင့် ငါတို့ စွန့်ခွာမသွားဘူး။” ဟု ပြောဆိုထားသည်။
ရခိုင်ပြည်နယ်၊မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်မြို့ နယ်သုံးခုမှာ ၂၀၁၇ ခုနှစ်၊အာဆာတိုက်ခိုက်မှုကို မြန်မာ့စစ်တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာရိုဟင်ဂျာ ၇ သိန်းနီးပါးတဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။
အဆိုပါ လုပ်ရပ်ကြောင့် မြန်မာအစိုးရကို နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုထားရာ လာမည့် ၂၁ရက်နေ့မှ ၂၈ ရက်နေ့အထိ ဒုတိယအကြိမ်ကြားနာရန်ရှိနေသည်။
ပြီးခဲ့သည် ဇန်နဝါရီလ ၂၇ ရက်နေ့ညနေက မောင်တောမြောက်ပိုင်း၊ကြိမ်းချောင်းစစ်ဆေးရေးဂိတ်မှာ ရခိုင်လူငယ် ၃၁ ဦးကို အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်။
ထိုမောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့်အာဆာအဖွဲ့တို့အပြင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များလည်း ရှိနေကြောင့် ဒေသခံများကပြောသည်။