စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ ကမ်းနီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ်နှင့် အဆောက် အဦး အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဧပြီ ၂၄ ရက်)၊ မွန်းလွဲ ၂ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော A5 အမျိုးအစား ဂျက်ဖိုက်တာ ၂ စင်းဖြင့် ကမ်းနီကျေးရွာသို့ ၅ကြိမ်ခန့် ဗုံးသီးကြဲချခဲ့ပြီး၊ စက်သေနတ်ဖြင့်လည်း ကျေးရွာအတွင်းသို့ လှည့်လည်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။
“ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူး၊ စစ်ကောင်စီက ခြေလျင်စစ်ကြောင်း ထိုးတာမျိုးလည်း မလုပ်နိုင်တော့ဘူး။ ဗုံးကြဲတာပဲ လုပ်နိုင်တာ၊ ရွာထဲမှာ တစ်ခုခုရှိနိုင်မယ်ထင်ပြီး သတင်းအမှားနဲ့ လာကြဲတာဖြစ်နိုင်တယ်” ဟု Tigyaing Revolution – TR မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုဇော်သက်စိုး၊ ကိုခင်ဇော်အေး၊ ကိုအောင်သက်ဦး၊ ကိုအီးတီ၊ မခိုင်သင်းကြည်၊ မပြည့်ပြည့်အောင်နှင့် မဌေးနွယ်တို့မှာ ဗုံးစထိမှန်၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
“ အိမ်က ၄ လုံးလောက် ပျက်စီးသွားတယ်။ လမ်းတွေ ပျက်စီးတယ်။ စျေးဆိုင်ခန်းတွေလည်း မီးထဲပါကုန်တာ၊ ရွာအလယ်ပေါ်ကို ကျတာ၊ ဗုံးကြဲသွားတာဆိုတော့ ထပ်ကြဲမှာ စိုးရိမ်နေကြတယ်” ဟု ကမ်းနီကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၆ ရက်၊ သင်္ကြန်အတက်နေ့တွင်လည်း စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ်အတွင်းရှိ ညောင်ပင်ကွင်းကျေးရွာနှင့် ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ အင်းရွာကျေးရွာကို လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အင်းရွာကျေးရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ကောလင်း၊ ဝန်းသိုနှင့် ဗန်းမောက်မြို့နယ်များမှ ဒေသခံပြည်သူအများစုသည် မန္တလေး၊ မိုးညှင်း၊ မိုးကောင်းနှင့် မြစ်ကြီးနားမြို့နယ်များသို့ စစ်ဘေးရှောင်လျက်ရှိကြောင်း သိရသည်။
ယမန်နှစ် နိုဝင်ဘာ ၈ ရက်တွင် ထီးချိုင့်မြို့ကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဘက်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိသည်။