ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ -၂၇၅ ကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ် များကအပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အမှတ် ၂ တံတားမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ထွက်ပြေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ၏ အဆိုပါ ခလရ – ၂၇၅ တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၈ ရက်မှစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၁ ရက်၊ နံနက် ၄ နာရီခွဲဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်ကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကေအဲန်ယူ ဗဟိုကသတင်းထုတ်ပြန်ထားသည်။
“ စကစရဲ့ ခမရ ၂၇၅ ကို သိမ်းပိုက်လိုက်ပြီဆိုတာ ဟုတ်ပါတယ်။ ခုထိတော့ နယ်မြေရှင်းလင်းရေး အကုန်မလုပ်ရသေးဘူး။ ရှင်းနေတုန်းပဲ” ဟု ကော်ဘရာစစ်ကြောင်းက ရဲဘော်တစ်ဦးကဆိုသည်။
K.N.D.O နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသောစစ်ကောင်စီ၏ အဆိုပါ ခလရ −၂၇၅ တပ်အား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက်နိုင်ရန်အတွက်ခုခံတိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟို၏ ထုတ်ပြန်ချက်တွင်ထည့်သွင်း ဖော်ပြထားသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်း၏ တပ်ရင်းမကျဆုံးရေးအတွက် တိုက်လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ မြ၀တီကုန်သွယ်ရေးဇုန်အတွင်းရှိ အဆောက်အအုံများ မီးလောင်ကျွမ်းခြင်း၊ စိမ်းလဲ့မြိုင်ကားဝင်း မီးလောင်ခြင်း အပါအဝင် မြို့၏ နေရာ ၅ ခုထက်မနည်းတွင် မီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရှိရသည်။
“ ဒီမနက် ၄ နာရီဝန်းကျင်ကတော့ အသံတွေအကျယ်ကြီးပဲ ကြားရတယ်။ ခလရ ၂၇၅ သိမ်းလိုက်ပြီးဆိုပြီး တော်တော်များများလိုင်းပေါ်တင်နေကြတယ်။ ထိုင်းသတင်းကလဲ ပြောနေပီဆိုတော့ သေချာသလောက်ပါပဲ။ အခုမြဝတီမှာ တစ်နာရီလောက်တော့ရှိပြီ အသံတွေငြိမ်နေတာ” ဟု မြဝတီမြို့ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားဘက်ကို ရောက်ရှိလာကြပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ခိုလှုံခွင့်ရရှိရန် တောင်းခံနေလျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။
လက်ရှိအချိန်တွင် မြဝတီမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သောကြောင့် ကျန်ရှိနေသော စစ်ကောင်စီအကြွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန် ကေအဲန်ယူက မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်၊ နံနက်ပိုင်းမှစ၍ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် မြဝတီမြို့၊ သင်္ကန်းညီနောင်ရှိစစ်ကောင်စီ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ခမရ ၃၅၅၊ သင်္ကန်းညီနောင် ရဲစခန်း၊ ခမရ ၃၅၆၊ သင်္ဃန်းညီနောင်စစ်ဗျူဟာအခြေချစခန်းနှင့် ခမရ ၃၅၇ တို့ကို သိမ်းပိုက်ရရှိထားကာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၆၁၇ ဦး ထက်မနည်း လက်နက်ချအညံ့ခံခဲ့သည်။