အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ကြီးမှူးကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို တော်လှန်ရေးအဖွဲ့များ သဘောထားကွဲလွဲခြင်းမရှိဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း NUCCမှ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက MPAသို့ ပြောသည်။
“ အဖွဲ့တွေ ကွဲတယ်ဆိုတာတော့ မရှိပါဘူး။ နိုင်ငံရေးရဲ့ သဘောမှာ တူတဲ့အချိန်မှာ တူတဲ့ အလုပ်တွေကိုစုပြီး လုပ်တယ်။ တစ်ခါတစ်လေ မတူတဲ့အခါတော့ ခွဲပြီး အလုပ်လုပ်ကြတယ်။ သေချာတာကတော့ အဖွဲ့တွေ အားလုံးက တော်လှန်ရေးရဲ့ ကောင်းကျိုးအတွက် သူ့ရပ်တည်ချက်၊ ကိုယ့်ရပ်တည်ချက်နဲ့ လုပ်နေကြတာဖြစ်တယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ အစုအဖွဲ့တွေက ပြည်သူလူထုအပေါ်မှာ အမျှော်အမြင်ပိုကြီးကြတဲ့၊ မျက်နှာမူကြတဲ့ သူတွေလည်း ရှိပါတယ်။ကြိုးစားနေကြတဲ့သူတွေ အများကြီးပါ၊ အဲဒီအတွက် ပြည်သူတွေကို စိတ်မပူကြပါနဲ့လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် တော်လှန်ရေးအစုအဖွဲ့များကြား၌ အနေအထား၊ အခြေအနေများ မတူညီသည့်အတွက် အမြဲစုစည်းနိုင်ရန် ခက်ခဲကြောင်းနှင့် ရန်သူဖြစ်သည့် စစ်ကောင်စီတပ်ကို တော်လှန်သည့်နေရာတွင် စုစည်းညီညွတ်စွာဖြင့် သွားနိုင်ပါက ပိုမို မြန်ဆန်နိုင်ကြောင်း ကိုမိုဃ်းသွေး ဆက်လက် ရှင်းပြသည်။
ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်များ နှင့်အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ဦးဆောင်ကာ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက် မှ (၉) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ ညီလာခံတွင် ညီလာခံအစီအစဉ်၌ မပါဝင်သည့် အကြောင်းအရာများကို တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ၅ရက်တာ ကျင်းပခဲ့သည့် ညီလာခံနောက်ဆုံးနေ့၌ ဆက်လက်တက်ရောက်နိုင်ခြင်းမရှိဟု NUCCသို့ အကြောင်းကြားခဲ့သည်။
“ တချို့ အစုအဖွဲ့တွေအတွက် သူတို့ရဲ့ စိုးရိမ်မှုတွေ၊ ရပ်တည်မှုနဲ့ ပက်သက်လာရင် ထိခိုက်နိုင်တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ လက်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်လာတဲ့အခါ ဆက်မတက်တော့တာပါ၊ NUG၊ CRPHတို့လည်း ဒီအတိုင်းပါပဲ၊ နားလည်မှုလွဲမှားမှုမျိုးတွေ ဖြစ်ခဲ့တယ်။ ပဥ္စမ နေ့ကို မတက်ရောက်နိုင်ကြောင်းဆိုပြီးစာလည်း သေချာ ထုတ်ပြီးသားပါ၊ ညီလာခံကနေ နှုတ်ထွက်တာ၊ သပိတ်မှောက်တာမျိုး မဟုတ်ဘူး၊ သူတို့အနေနဲ့ ဆက်တက်လို့ အဆင်မပြေလို့ ဆက်မတက်တာပါဘဲ” ဟု NUCCမှ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက ပြောသည်။
အဆိုပါ ပြည်သူ့ညီလာခံသို့ တက်ရောက်လာခဲ့သည့် ကိုယ်စားလှယ်များ၏ ဆွေးနွေးသုံးသပ်ချက်များ၊ အကြံပြုချက်များအပေါ်အခြေခံပြီး ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ကောင်စီ၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂)တို့နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်(၃)ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
“ အခုလိုမျိုး တော်လှန်ရေးအစုအဖွဲ့တွေ အချင်းချင်း ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ကြတာကတော့ ကောင်းပါတယ်။ တကယ်တမ်း လက်တွေ့အကောင်အထည်ဖော်နိုင်ကြရင်တော့ ကောင်းမွန်တဲ့ အရွေ့တစ်ခုပါပဲ” နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
“ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ NUCC ကရေပေါ်အရုပ်ရေးနိုင်ခဲပြီလေ၊ NUG ကတကယ်ပဲအကောင်အထည်ဖော်မလားဆိုတာတော့ တတိယအကြိမ်ညီလာခံမှာ ဆက်လက်စောင့်ကြည့်ရမှာပါ” ဟု သတင်းစာ ပညာရှင်တစ်ဦးက ပြောသည်။
ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ် ယူနစ်ကောင်စီ များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။