မကွေးတိုင်း၊ ပခုက္ကူမှ ကမ္မဘက်သို့ ထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ဦး သေဆုံးကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။
ပခုက္ကူ တပ်မ-၁၀၁ မှ ထွက်လာသော စစ်ကား၂စီးကို မတ်လ ၂၈ ရက်၊ ညနေ ၅နာရီကျော်တွင် ပခုက္ကူမြို့နယ်၊ ကန်တော် ရွာ အနီး၌ မိုင်း ဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ပခုက္ကူ ကနေ ထွက်လာတာ ယာဉ်က ၂ စီးပါ ။၂စီးပေါင်းဆို အင်အား ၇၀ ကျော်ပါမယ်။အဲမှာ ၁စီး အပိုင်အနိုင် မိတယ်။ ကားကရှေ့ ဘီး ၂ဘီးဆို လုံးလုံး မရှိတော့ဘူး ။ တစ်ကားလုံးပါသမျှ ထိခိုက်တယ် ” ဟု မြိုင်ပကဖ၊ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော် သုတ ကပြောသည်။
ဒဏ်ရာ ရသူများ ကို ကန်တော် ကျေးရွာ၌ပင် ဆေးကုသလျက် ရှိကြောင်း သိရသည်။
“ တစ်စီးလုံးပါသမျှ နံရိုးကျိုး၊ခြေပြတ်၊ လက်ပြတ်ပဲ ။အ ခု သူတို့ စစ်တပ် တပ်စွဲ ထားတဲ့ ကန်တော် ရွာထဲမှာ အသည်းအသန် ဆေးကုနေကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကန်တော်ရွာအနီး မိုင်းဆွဲခံရသည့် ယင်းယာဉ်၂စီးမှာ ကမ္မမြို့၏ အနောက်ဘက် ဂျိုးပျံ ရွာ တစ်ဝိုက်၌ ရောက်ရှိနေသော ရိက္ခာ ပို့ ယာဉ်တန်းနှင့် အတူတူပင် ဖြစ်ကြောင်း PDFတို့ ၏ မိုင်းဆွဲခြင်းနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ ကြောင့် ပြတ်ကျန်ခဲ့သော ယာဉ်များ ဖြစ်ကြောင်း ကမ္မ တပ်ပေါင်းစုမှ ရဲဘော် တစ်ဦးထံ က သိရသည်။
“ ရိက္ခာ ပို့ ယာဉ်တန်းနဲ့ အတူတူပဲရယ်။ နောက်က ရောက်လာတဲ့ ကားတွေကို ကမ္မ ကနေ မြိုင်ဘက်ကို ပို့တယ်။ မြိုင်၊ တွင်းမ ပျူရွာကနေ စစ်ကြောင်းထိုးနေတာ အဲဘက်မှာလည်း အင်အား ၉၀ ကျော်လောက် ရှိတယ် ” ဟု ၎င်း က ပြောသည်။
ချင်းပြည်နယ်နှင့် ပေါက်မြို့နယ် သို့ ရိက္ခာ ပို့ရန် ထွက်လာသော ကား၁၂၀ခန့်ပါသည့် ယာဉ်တန်း မှာ ပေါက်မြို့နယ် သို့ပင် မရောက်သေးဘဲ ကမ္မမြို့၏ အနောက်ဘက် ဂျိုးပျံ ရွာ ၌ ပင် ရပ်နေသည်မှာ တစ်ပတ်ကျော် ကြာပြီ ဖြစ်သည်။
ယင်းရိက္ခာပို့ စစ်ကြောင်းကြောင့် ကမ္မမြို့ပေါ်မှ ပြည်သူ အချို့နှင့် ကျေးရွာ ၅ ရွာကျော်မှ ဒေသခံ စုစုပေါင်း ၃၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရသည်။