မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် ပျူစောထီးတပ်ကို မတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ပျူစောထီး(၄)ဦးသေဆုံးခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က ယနေ့သတင်းထုတ်ပြန်သည်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စစ်ကောင်စီအထိုင်ချ ပျူစောထီးကျေးရွာများဖြစ်သည့် မြောက်ခင်ရန်းရွာနှင့် အနောက်တောလေးရွာမှ ပျူစောထီးစုပေါင်းအင်အား(၈၀)ခန့်ဖြင့် စစ်ဘေးရှောင်များနေထိုင်သည့် တောတိုက်တစ်နေရာသို့ စစ်ကြောင်းထိုးလာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ရွာမရှိဘူး။ စစ်ရှောင်တွေခိုအောင်းတဲ့ နေရာတဝိုက်ကို စစ်ကြောင်းထိုးလာတာ။ အဲဒါကို သူတို့ နားနေတုန်းမှာ ၆၀ မမနဲ့ လှမ်းထုတာပါ။ ထိပ်တိုက်တိုက်ပွဲမဟုတ်တဲ့အတွက် အချိန်ကတော့မကြာလိုက်ပါဘူးဗျ။ သူတို့ဘက်က ၄ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ သူတို့ထဲမှာ အခြေအနေအရ မလုပ်မဖြစ် လုပ်နေရတဲ့ အမာခံသတင်းပေးတွေ ရှိတယ်ဗျ။ သူတို့ဆီကတဆင့် သိရတာပါ” ဟု YPDF ၏ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးက MPA ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားစဥ်အတွင်း ပျူစောထီးများဘက်က ခြောက်လှန့်ပစ်ခတ်မှုများရှိခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များနှင့်ပြည်သူများ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရမှုမရှိဘဲ ပျူစောထီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။
“ ၂၅ ရက်နေ့ကလည်း စစ်ကြောင်းထိုးသေးတယ်။ အဲ့ဒီဘက်ကစစ်ရှောင်တဲတွေ မီးရှို့ဖျက်ဆီးခံရတယ်။ စားနပ်ရိက္ခာတွေလည်း အကုန်ယူသွားကြတာ။ အခုတော့ စစ်ရှောင်တွေအကုန် အဲ့ဒီဘက်မှာမနေတော့ဘူး။ အကုန်ပြောင်းလာကြပြီ” ဟု ဂန့်ဂေါမြောက်ပိုင်းရှိ ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီသည် မြောက်ခင်ရန်းရွာအပါအဝင် ပျူစောထီးကျေးရွာများကို ဖေဖော်ဝါရီ (၇)ရက်က ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းအများအပြား ထောက်ပံ့ပို့ဆောင်ပေးခဲ့ပြီး မတ်လအတွင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးမှုများရှိနေသည်။
ယင်းအပြင် မြောက်ခင်ရန်းရွာမှ စစ်ကောင်စီနှင့်ပျူစောထီးများ၏ အနိုင်ကျင့်အုပ်ချုပ်မှုများကို မလိုလားသည့် ဒေသခံအများအပြားသည်လည်း ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ပျူစောထီးရွာမှထွက်ခွာ၍ ကာကွယ်ရေးတပ်ဖွဲ့များထံ ခိုလှုံလာလျက်ရှိသည်။