ကရင်ပြည်နယ်၊ မြဝတီမြို့သို့ရောက်ရှိလာသည့် လူငယ်များထံမှ ငွေကျပ် ၁၀ သိန်းတောင်း၍ ကွန်ပျူသင်တန်းတက်ရောက်စေကာ ငွေလိမ်လုပ်ငန်းများထံ အလုပ်သွင်းမှုများရှိနေကြောင်း အဆိုပါမြို့တွင်နေထိုင်သူများထံက သိရသည်။
ကွန်ပျူတာသင်တန်းဖွင့်လှစ်ထားသူများမှာ အလုပ်ရသည်အထိလုပ်ဆောင်ပေးမည်ဟုကြေညာကာ ဧရာဝတီတိုင်းမှ လူငယ်များကို အဓိကခေါ်ယူနေခြင်းဖြစ်ပြီး လူငယ်များအနေဖြင့် သင်တန်းအပ်ချိန် ငွေကျပ် ၅ သိန်းခန့် ကနဦးပေးဆောင်ရကာ အလုပ်ရလျှင် ကျန်ငွေ ၅ သိန်းကိုပေးရကြောင်း မြဝတီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကပြောသည်။
“တစ်နည်းပြောရရင် လူပွဲစားလုပ်တာပဲ၊ နယ်က သူတွေဆိုတော့ရိုးတယ်လေ၊ သင်တန်းဆိုတာ စာစီစာရိုက်နည်းနည်းပဲသင်တာ၊ ပြီးရင် ဒီကအွန်လိုင်းငွေကြေးလိမ်တဲ့ အလုပ်တွေမှာထည့်လိုက်တယ်၊ အဲ့ဒီလို အလုပ်ထည့်လိုက်တယ်ဆိုရင် သူတို့ လူ ၁၀ ယောက်သွင်းပေးရင် ကုမ္ပဏီဘက်က လူတစ်ယောက်ကို ၂ သိန်းနှုန်းနဲ့ ပြန်ပေးတယ်၊ အဲ့ဒီလိုနဲ့ ကိုယ့်အချင်းချင်း ပွဲစားလုပ်နေကြတာ” ဟု ၎င်းကရှင်းပြသည်။
ယခင်က အဆိုပါကွန်ပျူတာသင်တန်းများကို မြို့ပေါ်တွင် ဖွင့်လှစ်ထားခြင်းမရှိဘဲ မိမိတို့နေထိုင်ရာ အိမ်များ၌သာ အချင်းချင်းသင်ပေးကြသော်လည်း ပြီးခဲ့သည့်နှစ်မှစတင်ကာ ယင်းသင်တန်းများကို တရားဝင်ပုံစံဖြင့် ဖွင့်လှစ်လာကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သင်တန်းကျောင်း ၁၀ ခုဝန်းကျင်အထိရှိလာကြောင်း သိရသည်။
မြဝတီမြို့ရှိ အွန်လိုင်းငွေကြေးလုပ်ငန်းများ၏ အလုပ်ခေါ်ယူပုံမှာ ကွန်ပျူတာလက်ကွက် Monkey Type ကို စစ်ဆေးခြင်းဖြစ်ပြီး၊ မေးခွန်းများမှာလည်း ကိုယ်ရေးအချက်အလက် အနည်းငယ်ကိုသာ အင်္ဂလိပ် (သိုမဟုတ်) မြန်မာလို မေးမြန်းခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လက်ကွက် ၃၀ လောက်ရပြီဆို အလုပ်ရပြီ။ တစ်ခုတော့ရှိတယ် အကုန်လုံး အီး(English)လိုတော့ နည်းနည်းပါးပါးတတ်ရတယ်၊ အလုပ်ထဲ လိုင်းပေါ်ကလိမ်ဖို့ပြောပြီဆို အီး(E)လိုပြောရတာလေ၊ အဲ့ဒီသင်တန်းတွေဆိုတာ အဲ့လက်ကွက်လေး နည်းနည်းသင်ပေးတယ် မေးတက်တဲ့မေးခွန်း လေး၊ ငါး၊ ဆယ်ကြောင်းကို အသေကျက်ခိုင်းလိုက်တယ်၊ တကယ့်လုပ်ငန်းခွင်ထဲလည်းရောက်ရော အဆင်မပြေလို့ ငွေဆုံးသွားကြတဲ့ ကလေးတွေ တစ်ပုံကြီးပဲ” ဟု ၎င်းကဆိုသည်။
အချို့လူငယ်များမှာ အလုပ်ရခဲ့ကြသော်လည်း အစမ်းခန့်ကာလဆိုသည့် ရက်အနည်းငယ်အတွင်း၌ပင် အလုပ် ထုတ်ခံခြင်းများရှိနေပြီး ယင်းသို့ အလုပ်ထုတ်ရခံချိန်တွင် ၎င်းတို့တက်ရောက်ခဲ့သည့် သင်တန်းနှင့်ပြန်လည်ချိတ်ဆက်ကာ နောက်ထပ်အလုပ်တစ်ခုထပ်မံရှာရကြောင်း အွန်လိုင်းငွေကြေးလုပ်ကိုင်နေသူများထံမှ သိရသည်။
“အဲ့ဒီလိုအလုပ်ပြုတ်သွားရင် အဲ့လူတွေနဲ့ပြန်ချိန်း သူတို့အိမ်မှာ တစ်ရက်တစ်သောင်းပေးပြီးနေရတာ၊ အလုပ်မရမချင်း၊ သင်တန်းတစ်ခုနဲ့တစ်ခု တောင်းတဲ့ပုံစံတော့မတူဘူး။ တချို့က လူစိတ်ရှိပါတယ် ဒါပေမယ့် အဲ့လိုလူရှားတယ်၊ နောက်အလုပ်ရသွားပြီဆို ၃ သိန်းထပ်ပေးရတယ်၊ မပေးရတဲ့သင်တန်းက တစ်ခုနှစ်ခုလောက်ပါပဲ၊ ပြီးတော့ အလုပ်ထုတ်မခံရဘူးဆိုရင် ဘာရှိလဲဆိုတော့ ပထမဆုံးလစာရဲ့ ၂၀ ရာခိုင်နှုန်း ပေးရတာလဲရှိတယ်” ဟု အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦးက ၎င်းကိုယ်တိုင်ကြုံတွေခဲ့ရသည်ကို ပြောပြသည်။
နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နယ်မြေဒေသများအေးချမ်းမှုမရှိခြင်း၊ စစ်မှုထမ်းဥပဒေများကြောင့် ရှောင်တိမ်းလိုကြခြင်း စသည့်အခြေအနေများကြောင့် လူငယ်များအနေဖြင့် မြဝတီမြို့ရှိ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် ရွေးချယ်မှုများ ပိုမိုများပြားလာကြောင်း သိရသည်။