ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ အင်းတောသာ (ဘုရားကွင်း) ရွာသား ၁ ဦးကို ပျူစောထီးနှင့်စစ်သားတို့ ဖမ်းဆီးသွားပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။
မတ်လ ၂၆ ရက်၊ ည ၈ နာရီခွဲဝန်းကျင်တွင် အင်းတောသာ(ဘုရားကွင်း)ကျေးရွာနေ ရွာစဥ်လှည့်စျေးရောင်းနေ သူ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုဇော်ထိုက် (ခ)မောင်ထိုက် ကို ပျူစောထီးရဲထွန်းနှင့် စစ်သားများက မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွား ကြောင်း ထို့နောက် အင်းတောသာ(ဘုရားကွင်း)ရွာအနီး ဘုရားလေးကုန်း၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက် ကပြောသည်။
“ကိုမောင်ထိုက်က တောထဲတက်ပြီး စျေးရောင်းတယ်။ကျွဲတွေလည်းမွေးတယ်။တောင်ယာလည်းလုပ်တယ်။NLD ပါတီဝင်မဟုတ်ပါဘူး။အရမ်းစိတ်ကောင်းတယ်။မေးစရာရှိလို့ဆိုပြီးတော့ ပျူစောထီး ရဲထွန်းဦးဆောင်ပြီး စစ်သားတွေနဲ့ သူ့ အိမ်ကိုလာဖမ်းတာ။ရွာအပြင်ဘက် ဘုရားလေးကုန်းမှာ ပစ်သတ်ခဲ့တာ” ဟု ၎င်းကဆိုသည်။
မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဘုရားလေးကုန်း၌ ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသော ကိုဇော်ထိုက်၏အလောင်းကို တွေ့ရကြောင်းသိရသည်။
“PDF က ပစ်တာလို့ သတင်းထွက်နေတော့ ဘယ်သူမှလည်းမသွားရဲကြဘူး။စစ်ပြန်ကွင်းအုပ်ကြီးလို့ ထင်ကြတာ။နောက်၊ မဟုတ်ပြန်ဘူး။ခတ်ချိုကွင်း အုပ်ကြီးလို့ နာမည်ကထွက်ပြန်တယ်။ မဟုတ်ပြန်ဘူး။နောက်ဆုံး သွားကြည့်တော့မှ မောင်ထိုက်ဖြစ်နေတာ” ဟုဒေသခံတစ်ဦး ကပြောသည်။
ကိုဇော်ထိုက် ကို ဖမ်းဆီးသတ်ဖြတ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ရဲထွန်းသည် ကျေးရွာအတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန် ခြိမ်းခြောက်စည်းရုံးနေသူဖြစ်ကြောင်းလည်းသိရသည်။