ရန်ကုန်မြို့၊ ဆူးလေ လူကူးခုံးတံတားအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ယနေ့(မတ်လ၂၇ရက်) ည ၇နာရီ ၄၅မိနစ်ခန့်က ဆူးလေ မီးပွိုင့်ထောင့် ဆူးလေ လူကူးခုံးတံတားအနီးရှိ “ Sule Square” ဘေးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ ကျောက်တံတားရဲစခန်းနားမှာ ဗုံးပေါက်တာမဟုတ်ပါဘူး။ကျောက်တံတားရဲစခန်းရှေ့က ဆူးလေခုံးတံတား “ Sule Square” ဘက်က လှေကားဘက်ခြမ်းမှာပေါက်တာပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်နှင့် ကျောက်တံတားရဲစခန်း၏ ကနဦးစစ်ဆေးချက်များအရ ပေပါဗုံးအမျိုးအစား ပေါက်ကွဲခြင်းဖြစ်ပြီး ပြင်းအားမြင့် ဗုံးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“ ဖြစ်တာက ဆူးလေနားက အိမ်ခြေယာမဲ့ကလေးတွေက ဗုံးကို စတွေ့တာပေါ့။ဗုံးကို ကတ်ထူစက္ကူနဲ့ ပိတ်ထားတယ်လို့ပြောတယ်။အဲ့ဒါကို တံတားအပေါ်ကနေ တံတားအောက်ဘက်ခြမ်းကိုလှေကားအတိုင်းသယ်လာပြီး အောက်ရောက်မှ ဖွင့်တာ။ဖွင့်လိုက်တော့ တန်းမပေါက်ဘူး။အဲ့ကလေးတွေလည်း ဗုံးထင်ပြီး ပြေးတော့မှ ပေါက်တာလို့ ကနဦးစစ်ချက်အရသိ ရတယ်။အခု ဒဏ်ရာရတဲ့ ကလေး၄ယောက်ရော နောက်တစ်ဦးရောကို ဆေးရုံကားနဲ့ ရန်ကုန်ဆေးရုံ ကြီးပို့လိုက်ပါပြီ။ သက်အန္တရာယ်စိုးရိမ်ရတာကတော့ သက်လတ်ပိုင်း အမျိုးသားတစ်ဦးပဲ ရှိတယ်။ အမှိုက်ကောက်တဲ့ကလေးကတော့ မပူရဘူး။ထိခိုက်ဒဏ်ရာပဲရသွားတယ်။သူကစကားတောင် အေးဆေးပြောနိုင်သေးတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ ၃ဖွဲ့ထံ MPA က မေးမြန်းရာ မည်သည့် တပ်ဖွဲ့က ဖောက်ခွဲသလဲဆိုသည်ကို မသိရှိသေးသလို စစ်ကောင်စီတပ်က ဖောက်ခွဲခြင်းဟုတ်၊ မဟုတ်လည်း သေချာမသိသေးကြောင်း အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ ရန်ကုန်မစ်ရှင်အနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ဘာမှတက်မလာသေးဘူး။ ကျောက်တံ တားရဲစခန်းနားမှာ ပေါက်တာဆိုတာပဲ ကြားမိသေးတယ်။ပြည်သူထိခိုက်မှုရှိတာဆိုတော့ ဘယ်ဘက် ကအဖွဲ့ကပဲဖောက်၊ ဖောက်မဖြစ်သင့်ဘူးပေါ့။ပြီးတော့ အချိန်ကလည်း လူစည်ကားတဲ့ အချိန်ဖြစ်နေ တာဆိုတော့ပေါ့။အဲ့နားမှာ ဘတ်စ်ကားမှတ်တိုင်တွေလည်း ရှိတာကို။ဘယ်ဘက်ကဖောက်တာလဲဆို တာတော့ သေချာမသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။
ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ကျယ်လောင်သည့် ပေါက်ကွဲသံကို ယနေ့ည ၇နာရီခွဲ ကျော်တွင် ကြားခဲ့ရကြောင်း ဆိုသည်။
“ကလေးတစ်ယောက်နဲ့ လူငယ်ကောင်လေးတစ်ယောက်ကတော့ တော်တော်ထိသွားတယ်။ဆေးရုံကားပေါ်တင်သွားတယ်။အစ်မတို့လည်း ဗုံးထပ်ပေါက်မှာကြောက်လို့ ပြန်ပြေးလာကြတာ။တစ်နာရီလောက်ကြာကြာ အဲ့နားမှာ ရုတ်ရုတ် သဲသဲဖြစ်သွားတယ်။ အသံကတော့ အကျယ်ကြီးပဲ။ အစ်မတို့ အခုထိ ရင်တုန်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် ကျောက်တံတားရဲစခန်းနှင့် မြို့တော်ခန်းမအတွင်းရှိ စစ်ကောင်စီတပ်တို့က အရပ်ဝတ်များဖြင့် ကင်းပတ်နေကြောင်း သိရသည်။