မန္တလေးတိုင်း၊မိုးကုတ်မြို့အနီး ရေထွက်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ယာယီစခန်းကို ယနေ့နံနက်ပိုင်း၌ မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေနတ်၂လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
ယနေ့ (စက်တင်ဘာ ၂၆ရက်) နံနက် ၅နာရီ ၁၅မိနစ်မှစတင်ကာ ရေထွက်ကြီးကျေးရွာရှိ စစ်တပ်ယာယီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ရင်းများဖြစ်သော ၁၂၂၁၊ ၁၂၂၃ ၊ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဌာန (NUG ပြည်သူ့ရဲတပ်ဖွဲ့) နှင့် TNLA တို့ပူးပေါင်းကာ တစ်နာရီခွဲခန့် ကြာဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီးစစ်သားများထံက လက်နက်ငယ်တစ်လက်၊ ပစ္စတိုတစ်လက် နှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း မိုးကုတ်အခြေပြုတပ်ရင်းများက သတင်းထုတ်ပြန်သည်။
“ ကျနော်တို့ဘက်ကအစုံပစ်တာ40(၄၀-မမလက်နက်ကြီး) ရယ်၊ M9 ရယ်၊ လက်ပစ်ဗုံးရယ်၊ အဲဒါတွေသုံးတာများတယ်။အိမ်သာထဲကနေပစ်နေတဲ့တစ်ယောက်ကိုပြန်ပစ်တာတော့ သူသေနိုင်ခြေများတယ်။သေ၊မသေအတိအကျ မသိရဘူး” ဟု မိုးကုတ်အခြေပြုတပ်ရင်းများမှ တာဝန်ရှိရဲဘော်တစ်ဦးကဆိုသည်။
စစ်သားထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မိုးကုတ်အခြေပြုတပ်ရင်းများ ကထုတ်ပြန် ထားသည်။
“ ဖြစ်တာက မြို့ပြင်ဘက်ပေါ့။ မြို့ထဲတော့မဟုတ်ဘူး။ အရမ်းလည်းမဝေးဘူး။ ဒေါ်နန်းကြည်တောင် အောက်ဘက်လောက်ပေါ့။မနက်အစောပိုင်းလောက်ဖြစ်တာ။ လက်နက်ကြီးသံတွေရော ၊ပစ်သံတွေပါကြားရတယ်” ဟုမိုးကုတ်မြို့အနောက်ပိုင်းနေပြည်သူတစ်ဦးကပြောသည်။
ရေထွက်ကြီးကျေးရွာရှိ စစ်သားများတိုက်ခိုက်ခံရသော်လည်း မိုးကုတ်မြို့တွင်း၌ အစစ်ဆေးတင်းကျပ်ခြင်းမျိုးမရှိသလို မိုးကုတ်မြို့သားများကလည်း ပုံမှန်သွားလာနေကြကာ လမ်းမပေါ်ရှိ ဆိုင်အချို့သာပိတ်ထားကြောင်း သိရသည်။
မိုးကုတ် မြို့နယ်တွင် စက်တင်ဘာ ၁၀ရက်နေ့မှစတင်ကာ TNLA ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ် တို့တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။