မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်ကုသိုလ်ရပ်ကွက်၌ ဓာတ်ကြိုးတက်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့ (စက်တင်ဘာ ၁၅ ရက်)၊ မနက် ၆ နာရီခန့်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးနေခဲ့သည်ကို တွေ့ရှိရကြောင်း ရပ်ကွက်နေပြည်သူများက အကြောင်းကြားလာသဖြင့် ဒေသခံ စေတနာရှင်လူမူကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ညထဲက ဓာတ်လိုက်ပြီး သေနေတာကို မိုးလင်းမှ ရပ်ကွက်ထဲက လူတွေ တွေ့တာလို့ သိရတယ်။ ကျွန်တော်တို့ အသင်းတွေရောက်တော့ ခဲရာခဲစစ်ပဲ ဆွဲချခဲ့ရတယ်။ ဓာတ်ကြိုးတက်ခိုးပြီး ဓာတ်လိုက်သေတာလို့တော့ ကနဦး သိထားရတယ်။ သေဆုံးသူရဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး” ဟု လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဓာတ်လိုက်သေဆုံးခဲ့သည့် ရုပ်အလောင်းကို ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းနှင့် စေတနာရှင်လူမှုကူညီရေးအသင်းတို့မှ ဓာတ်တိုင်ပေါ်မှ ကူညီဆွဲချခဲ့ပြီး ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းမှ သံဖြူဇရပ်မြို့နယ် ဆေးရုံကြီး၊ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ ညထဲကသေနေတာဖြစ်မယ်။ မိုးလင်းတော့မှ ဓာတ်တိုင်ပေါ်မှာ ကားယားကြီးသေနေတာကို လူတွေ တွေ့တာ။ ရပ်ကွက်ထဲကလူတွေအကြောင်းကြားတော့ လူမှုကူညီရေးအသင်းတွေရောက်လာပြီး ဆွဲချပြီး အလောင်းကို ဆေးရုံပို့ဆောင်ခဲ့တာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၈) ရက်၊ မနက်အစောပိုင်းက မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၌ ဓာတ်ကြိုးခိုးယူရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။