By MPA CJ 008
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်အတွင်းရှိ ရင့်ရဲကျေးရွာအား မေလ ၃၁ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ မီးရှို့မှုကြောင့် နေအိမ် ၂၇လုံး မီးလောင်ပြာကျခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းကြိုးများပါ မီးလောင်ကျွမ်းခဲ့သောကြောင့် အနီးအနားကျေးရွာများ လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည်ဟု ယောအလင်းတန်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုအောင်ကြီးထံမှ စုံစမ်းသိရှိရသည်။
“ညနေ ၄ နာရီလောက်မှ မီးစရှို့တာ။ PDF တွေက နေ့လယ်လောက်မှာ ကျောက်ထုတပ်ထဲကို တောထဲဘက်ကနေ လှမ်းထုတာ။ အဲ့ဒီမှာ ကျောက်ထုတပ်ထဲကနေ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ကြတာမျိုးတော့ရှိတယ်။ အဲ့ဒါပြီးတော့ ညနေ ၃ နာရီလောက်မှာ ကျောက်ထုတပ်ထဲ GE ဂိတ်ပေါက်ကနေ စခ ၁၆ ကောင်ထွက်လာပြီး ရင့်ရဲဘက်ကို ရောက်လာတာခင်ဗျ။ ရင့်ရဲနဲ့ ကျောက်ထုတပ်နဲ့က ၄ ဖာလုံလောက်ပဲ ဝေးတာဗျ။ ရင့်ရဲကို သက်သက်မဲ့ကို မီးရှို့သွားတာပါ”ဟု ကိုအောင်ကြီးက MPA သို့ ပြောသည်။
မီးလောင်ပျက်စီးသွားသည့် ဓာတ်အားလိုင်းကြိုးများသည် ကျောက်ထုမြို့မှလာသည့် မဟာဓာတ်အားလိုင်းဖြစ်ပြီး လက်ရှိတွင် နတ်ရဲ၊ မြို့ပေါက်၊ ချောင်းကူး၊ ယောမြို့၊ ရင့်ရဲ၊ ကံကြီး၊ ကြန်တော၊ ပြင်လယ်၊ တောင့်ထက်နှင့် ရေရှင် အစရှိသည့် ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်နေသည်ဟု စုံစမ်းသိရှိရသည်။
“ထမင်းချက်ဟင်းချက်တာတွေ ထင်းတို့ မီးသွေးတို့နဲ့ ပြန်ချက်နေရတာပေါ့။ ဖုန်းအားသွင်းဖို့ကို တော်တော်ခက်ခဲသွားပြီလေ။ အားကိုချွေတာသုံးနေရတော့တာ။ ရေတင်တာတို့ တခြားလျှပ်စစ်မီးနဲ့ လုပ်ရတဲ့အလုပ်တွေတော့ အတော်လေး ကသီသွားတာပေါ့”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီအနေဖြင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းမီးကြိုးများအား ပြန်လည်ပြင်ဆင်ပေးခြင်းမျိုးမရှိသေးဟု သိရပြီး သက်ဆိုင်ရာ EPC မှ လာရောက်ပြင်ဆင်ပေးမည်ဟုသာ လက်တလောတွင် သတင်းကြားသိရသေးကြောင်း ဒေသခံများက ဆိုကြသည်။
ထိုသို့ စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ရင့်ရဲရွာမှ လေဖြတ်ထားပြီး မသွားနိုင်မလာနိုင်ဖြစ်နေရသည့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး မီးထဲပါ သေဆုံးသွားကြောင်း ကနဦးစုံစမ်းသိရှိရသည်။